
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကြိုတင်ငွေပေးသွင်း၍ အလိုအလျောက်လမ်းအသုံးပြုခကောက်ခံသော စနစ်ကိုအသုံးပြု၍ ခရီးသွားလိုသောပြည်သူများအတွက် TollPass RFID စနစ်ကို စက်တင်ဘာ ၁၇ ရက် မှစတင်၍ နေ့စဉ်ပိတ်ရက်မရှိ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ဖွင့်လှစ်ရောင်းချတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံက သိရသည်။
ကနဦးဝန်ဆောင်မှုပေးမည့်နေရာများမှာ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၏ (ဝမိုင်ရဖာလုံ) အမှတ်(၃)တိုးဂိတ်၊ (၂၀၁မိုင် ၃ဖာလုံ) စီလမ်းဆုံ တိုးဂိတ်နှင့် (၃၅၂မိုင် ၄ဖာလုံ) စကားအင်းတိုးဂိတ်များရှိ TollPass Counter များဖြစ်ပြီး တပ်ဆင်လိုသည့်ယာဉ်ပိုင်ရှင်များအနေဖြင့် TollPass RFID စနစ် အသုံးပြုနိုင်ရန် (၁) စမတ်ဖုန်း Smart Phone (၂) တပ်ဆင်မည့်ယာဉ် (၃)ကညန ယာဉ်မှတ်ပုံတင်(ဝှီးတက်) Vehicle Registration Card (Wheel Tax) တို့ကို ယူဆောင်လာရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
TollPass မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များအနေဖြင့်၊ Smart Phone ဖြင့် မှတ်ပုံတင်၍ Applicationထည့်သွင်းခြင်း ၊ ယာဉ်အချက် အလက်များအား မှတ်တမ်းတင်ခြင်း၊ ယာဉ်တွင် RFID Sticker ကပ်ခြင်း ၊ TollPass Unit TPU ၅၀၀၀ နှင့်အထက်ကြိုတင်ဖြည့်သွင်းခြင်း (အနည်းဆုံး ၅၀၀၀ ကျပ်) ၊RFID Sticker နှင့် တစ်နှစ်စာဝန်ဆောင်ခအတွက် ၂၀၀၀၀ ကျပ် (ကတ်အသစ်တပ်ဆင်တိုင်းပေးဆောင်ရမည်)တို့ကိုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
TollPass စနစ်တပ်ဆင်ပြီးပါက ရန်ကုန်-မန္တလေးအမြန်လမ်းသို့ဝင်ရောက်ရာတွင် Toll Gate များရှိ TollPass သီးသန့်ယာဉ်ကြောမှအများဆုံး 20 km/hr နှုန်းဖြင့်သာမောင်းရမည်ဖြစ်ပြီး ယာဉ်ဝင်လာသည်နှင့်တပြိုင်နက် မောင်းတံအလိုအလျောက်ပွင့်သွားကာ လမ်းအသုံးပြုခပေးရန်တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ဆက်လက်မောင်းနှင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဖြတ်သန်းခြင်းအတွက်လမ်းအသုံးပြုခကောက်ခံမည့်စနစ်မှာ တိုးဂိတ်(၂)ခုအကြား အကွာအဝေးအတိုင်း လမ်းဦးစီးဌာနကသတ်မှတ်ထားသော ယာဉ် Class အလိုက်နှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကာ (ဥပမာအားဖြင့် ၀ မိုင် အမှတ်(၃) ဂိတ်သို့ ရန်ကုန်မှလာသောClass 1 ယာဉ်အတွက် ၁၁၅ မိုင် ဖြူးတိုးဂိတ်အထိ 1500 TPU သတ်မှတ်ဖြတ်တောက်၍ကောက်ခံပါမည်။)ဖြစ်ကြောင်း ၊ TollPass စနစ်အသုံးပြုသူများအနေဖြင့် မိမိပေးသွင်းပြီး သော ငွေမှာ TollPass Unit (TPU) စနစ်သို့ ပြောင်းလဲပြီးဖြစ်၍ ပြန်အမ်းငွေ ထုတ်ယူ၍ မရနိုင်ကြောင်း၊ TollPass Unit (TPU) များ၏ သက်တမ်းမှာRFID စတစ်ကာ စတင်ထုတ်ပေးသည့်ရက်မှ စ၍(၁)နှစ်တိတိဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မှ စတင်ရောင်းချရာတွင် ငွေပေးချေမှုများကို ငွေသားဖြင့်သာလက်ခံမည်ဖြစ်သော်လည်း မကြာမီ အွန်လိုင်းငွေပေးချေစနစ်များဖြစ်သော MMQR , KBZ Pay, AYA Pay, WAVE Pay တို့ဖြင့်ပေးချေနိုင်မည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်သည််။
TollPass RFID စနစ်သည် ယခင်Ez Go ETC စနစ်ကဲ့သို့ Onboard Unit OBU စက်များတပ်ဆင်ပြီး ကတ်များဖြင့်ကိုယ်တိုင်လာရောက်ငွေဖြည့်ရန်မလိုတော့ဘဲ အွန်လိုင်းငွေလွှဲစနစ်ဖြင့်TPU ဖြည့်(Top Up)နိုင်ခြင်း၊ ဖုန်းအက်ပ်မှတဆင့်မိမိယာဉ်အတွက် TPU လက်ကျန်၊ဖြတ်သန်းခဲ့သောခရီး၊ လမ်းအသုံးပြုTPU ဖြတ်တောက်မှုတို့ကို အချိန်မရွေးစစ်ဆေးနိုင်ခြင်းတို့ကြောင့် ပိုမိုလွယ်ကူ/ကျစ်လျစ်/လုံခြုံစိတ်ချရသောစနစ်ဖြစ်ပြီး TollPass စနစ်မှာ ရန်ကုန်မှမန္တလေးအထိ အမြန်လမ်းတလျှောက် တိုးဂိတ်ကြီး ၆ ဂိတ် အားလွယ်ကူစွာဖြတ်သန်းနိုင်ရေးအတွက် အချိန်တိုကာလအတွင်းကြိုးပမ်းတပ်ဆင်ရသည့်အတွက် တပ်ဆင်ကာစ ကာလများအတွင်း software error , barrier error များကြောင့် TollPass စနစ်သုံးခရီးသွားပြည်သူများ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်ပါရန်နှင့် မည်ကဲ့သို့ အဆင်မပြေကြောင်းကို Hotline ဖုန်းနံပတ်များသို့ ဆက်သွယ်ပြောကြားပေးရန်နှင့် TollPass စတင်တပ်ဆင်လိုသူများနှင့် တပ်ဆင်ပြီးကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းပေးရေး ဆက်သွယ်ရန်မှာ Hotline: 09792574060 , 09778888861 တို့ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည််။
ယင်းကြောင့် Yangon-Mandalay Expressway Webportal-အမြန်လမ်း ထိန်း/ပြင်/ကြီးကြပ်ရေးအဖွဲ့ facebook Page တွင် ယာဉ်ပိုင်ရှင်များအတွက် စမတ်ဖုန်းအက်ပ် My TollPass Application အား Download ရယူနိုင်ကြောင်း သိရသည်။