Myanmar National Post

ရေသောက်စနစ်များအတွင်း မြေအောက်ရေ ဖြည့်တင်းနိုင်စွမ်း (Groundwater Recharge) ကို သုတေသနပြု၍ ထိရောက်စွာ အသုံးပြုနိုင်ရေးဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မှာကြား


နေပြည်တော်၊ စက်တင်ဘာ ၁၇

ရေသောက်စနစ်များအတွင်း မြေအောက်ရေဖြည့်တင်းနိုင်စွမ်း (Groundwater Recharge) ကို သုတေသနပြု၍ ထိရောက်စွာ အသုံးပြုနိုင်ရေးဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ၁၅-၉-၂၀၂၆ ရက်နေ့က ပျော်ဘွယ်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိရုံး၌ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် တာဝန်ခံများနှင့် တွေ့ဆုံစဉ်မှာကြားသည်။

ထိုမှတစ်ဆင့် ပျော်ဘွယ်မြို့နယ်ရှိ ကျောက်ဆည်ကန်ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက နှစ်အလိုက် တမံမြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ၊ မူလတမံအမြင့်အတိုင်း ပြုပြင်ဆောင်ရွက်မည့် အစီအစဉ်များ၊ ရေတံခါးတပ်အကူ ရေပိုလွှဲတည်ဆောက်မည့်အစီအစဉ်များ ရှင်းလင်းတင်ပြမှုအပေါ် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ တက်ရောက်လာသော ဒေသခံတောင်သူများ တင်ပြလာသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကျောက်ဆည်ကန်သည် တမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုပြီးစီးမှုမရှိ‌သေးသော်လည်း မိုးစပါး ၉၈၃ ဧကနှင့် မိုးအခြားသီးနှံ ၃၀၄ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။

အဆိုပါခရီးစဉ်အတွင်း ရမည်းသင်းခရိုင်အတွင်းရှိ ကျီးနီကန်ရေသိုလှောင်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျီးနီကန်အတွင်း ဝင်ရောက်နေသည့် နုန်းများဆယ်ယူနိုင်ရေး၊ နုန်းဖမ်းတမံများ တည်ဆောက်နိုင်ရေး၊ မူလစိစစ်ဧကများအတိုင်း လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေပမာဏအတိုင်း ပေးဝေနိုင်ရေး၊ စိုက်ပျိုးရေ ပိုမိုတိုးတက်ရရှိရေးနှင့် ကုန်းမြင့်ဒေသများသို့ အနိမ့်တင်ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့ပြင် ကတင်ကန် အမှတ် (၃) မြောင်း၊ လက်တန်ခွဲ (၂) မြောင်းဆုံးမြောင်းဖျားရေရှိရေး အခြေအနေ၊ အင်ကြင်းကန်ကျေးရွာအုပ်စုရှိ ၂၀၂၆-၂၀၂၇ မိုးစပါး မျိုးစေ့ထုတ် ဧက ၅၀ စံပြကွက် စိုက်ပျိုးထားရှိမှု၊ ကျီးနီကန်အမှတ် (၃) မြောင်းမှ စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post