








ဂန့်ဂေါ၊ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့တွင်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကိုလေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်း အနားကို ယမန်နေ့နံနက်(၉)နာရီက ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် “ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း ” Never Stop Learning Talk Show ကို စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)မှ ကျောင်းသား/ကျောင်းသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ဆုချီးမြှင့်ပွဲအခမ်းအနားကို မွန်းလွဲ(၁)နာရီတွင် ဆက်လက် ကျင်းပရာ အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ မြန်မာ့ကျောင်း ” သီချင်းဖြင့် သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင် က အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပခဲ့သည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ပန်းချီ ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိသူများ နှင့် Never Stop Learning Talk Show တွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) ကျောင်းစာကြည့်တိုက်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသော သုတ/ရသစာအုပ်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းက လက်ခံရယူခဲ့သည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်ပြဘုတ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုး နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်း(၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#News #Myanmar