Eleven Media Group

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်တွင် စတင်ကျင်းပမည်

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီ ထံမှ သိရသည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ စတင်ကျင်းပသွားမည် ဖြစ်ကာ တန်ဆောင်မုန်းလပြည့် ၂၄ ရက် အထိ ၇ ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကာ၊ နိုဝင်ဘာလ ၂၅ ရက် ဆုပေးပွဲ ကျင်းပပြုလုပ်သွားရန် လျာထားကြောင်း သိရသည်။ စက်တင်ဘာလ ၁၅ ရက်တွင် ကျင်းပသော ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး တွင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာ ၁၈ ရက် ကနေ ၂၄ ရက်အထိ ကျင်းပမှာပေါ့။ အခုမှ မီးပုံးပျံအလုံးတွေ စာရင်းကောက်တုန်း ဆိုတော့ ရက်အတိအကျ မသိရသေးဘူး။ တကယ်လို့ မီးပုံး အလုံးရေ များလာတယ် ဆိုရင် တော့ ပွဲရက် တိုးကောင်း တိုးနိုင်မယ်ပေါ့လေ။ လောလောဆယ်တော့ ယာယီသတ်မှတ်ထားတဲ့ သဘောပါပဲ”ဟု ရှမ်းပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ဆိုသည်။

၂၀၂၆ ခုနှစ်တွင် တန်ဆောင်တိုင် ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့များကို တစ်ဖွဲ့လျှင် သိန်း ၁ဝဝဖိုးနှင့် ကိုက်ညီသော ယမ်းပစ္စည်း ၆ မျိုးကို အစိုးရအဖွဲ့မှ ယခင်နှစ်များ နည်းတူကူညီပံ့ပိုးထောက်ပံ့သွားမည် ဖြစ်ကြောင်းကိုလည်း ကြား သိရသည်။ ထို့ပြင် နေ့လွှတ်အရုပ်များကိုလည်း ငါးသောင်းကျပ် ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်အသင်းမှ ဦးတင်ဝင်းက ဆိုသည်။

“အခု ကျွန်တော်တို့ မီးပုံးပျံစာရင်း ကောက်တာ ၄၃လုံး၊ ကမ္ဘောဇမီးပုံးပျံ တွေ ပါရင် အလုံး ၅ဝကျော်ပေါ့။ ထပ်တိုးမလားတော့ မသိရသေးဘူး။ ဒီတစ်နှစ် အစိုးရက ငွေကြေး ထောက်ပံ့ပေးမယ်ဆိုတော့ ဝမ်းသာစရာ ကိစ္စပေါ့ဗျာ။ တကယ်တော့ အဖွဲ့ငယ်တွေ တစ်ပိုင်တစ်နိုင်တွေအတွက်တော့ ငွေကျပ် သိန်း ၄၀၀ ကျော် ၅၀၀ လောက် ကုန်ကျစရိတ်မြင့်လာတော့ အရမ်း ခက်ခဲလာချိန် အစိုးရ ကူညီထောက်ပံ့ပေးမှာဆိုတော့ မီးအဖွဲ့တွေ ကိုယ်စားဝမ်းသာတာပေါ့”ဟု ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံပညာရှင်အသင်းမှ စိုင်းအောင်မျိုးကလည်း ပြောသည်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် နေ့လွှတ်၊ ညလွှတ် မီးပုံးပျံပွဲတော်၊မသိုးသင်္ကန်းယက်လုပ်ခြင်းပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်၊ ညဘက် မီးပဒေသာလှည့်လည်ခြင်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ပြိုင်ပွဲဝင် ညလွှတ်မီးကြီး အသင်းများ တိုးလာနိုင်ကြောင်းကိုလည်း ခန့်မှန်းထားကြပြီး ယခင်နှစ် ကထက် ပိုမို စည်ကားလိမ့်မည်ဟုလည်း ဆိုကြသည်။

၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ရောဂါကြောင့် ၃ နှစ်ကျော် ရပ်နားခဲ့ရပြီး နောက်ပိုင်း ပြန်လည် ကျင်းပသော နှစ်များတွင် ယခင်နှစ်က အစည်းကား ဆုံး ဖြစ်ခဲ့ကာ လူဦးရေ သိန်းပေါင်း များစွာ လာရောက် လည်ပတ်ခဲ့ကြောင်း ကိုလည်း သိရသည်။

ယခုနှစ်တွင် လည်း ခေတ်ကာလ အလျှောက် ကြီးမြင့်လာသော ကုန်စျေးနှုန်းများကြောင့် ယခင် သိန်း ရာကျော် ကုန်ကျစရိတ် ရှိရာမှ လက်ရှိ စျေးနှုန်းအရ လေးငါးဆ ခန့် ကုန်ကျစရိတ် မြင့်တက်လာခြင်း ကြောင့် ပြိုင်ပွဲဝင် အဖွဲ့ငယ် မီးဆရာများမှာ ရင်းနှီးငွေ ကုန်ကျစရိတ် အခက်အခဲ ရှိကြောင်း သိရသည်။

သတင်း နှင့် ဓါတ်ပုံ - စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group