
အီရန်နိုင်ငံတွင် ပြည်တွင်းခရီးစဥ် ပျံသန်းနေသည့် ခရီးသည်တင်လေယာဥ်တစ်စင်း၏ မျက်နှာကြက်များနှင့် အိတ်များထားသည့် စင်အချို့ ပြိုကျခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၁၅ ရက်နေ့က အီရန်နိုင်ငံ မာရှတ်မြို့မှ ကာမန်ရှာမြို့သို့ ပျံသန်းနေသည့် Sepehran Airlines လေကြောင်းလိုင်း၏ Boeing 737 လေယာဉ်သည် လေထဲသို့ပျံတက်ပြီး မကြာမီအချိန်အတွင်းမှာပင် စက်ပိုင်းဆိုင်ရာ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း လေယာဉ်မှူးက အကြောင်းကြားခဲ့ပြီးနောက် မာရှတ်မြို့သို့ ပြန်လှည့်ခဲ့ရသည်။
လေယာဉ် ပျံတက်စဉ် လေယာဉ်ဘီးကွဲထွက်သွားခြင်းဖြစ်ကြောင်း ကနဦး သတင်းအချို့တွင် ဖော်ပြခဲ့ကြသော်လည်း ဘီးပေါက်ခြင်း မဟုတ်ကြောင်း ရာဇာဗီ ခိုရာဆန် လေဆိပ်အာဏာပိုင်အဖွဲ့မှ တာ၀န်ရှိသူ ဟာဆန် ဂျာဖာရီက ပြောကြားခဲ့သည်။
လေယာဉ်အတွင်း ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လေယာဥ်၏ မျက်နှာကြက်ပြားများနှင့် ခရီးသည်များ၏ အိတ်များထားရာ အခန်းအချို့ ပြုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု မီဒီယာအချို့က ဖော်ပြခဲ့ပြီး အီရန် သတင်းအေဂျင်စီ Akharin Khabar က ထုတ်လွှင့်သည့် ရုပ်သံမှတ်တမ်းတွင်လည်း လေယာဥ်မျက်နှာကြက်မှ ပစ္စည်းများပြုတ်ကျလာပြီး ခရီးသည်များ ထိတ်လန့်တကြား အော်ဟစ်နေကြပုံများကို မြင်တွေ့ရသည်။
အဆိုပါ Boeing 737 လေယာဉ်သည် မာရှတ်မြို့ရှိ ရှာဟစ် ဟာရှမီနဂျက် လေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများ အန္တရာယ်ကင်းကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
နည်းပညာဆိုင်ရာ အဓိကအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ခရီးသည်များကိုမူ နောက်ပိုင်းတွင် ကာမန်ရှာသို့ သွားရောက်မည့် အစားထိုး လေယာဉ်တစ်စီးပေါ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။
Ref: The Logical Indian