
ဖိလစ်ပိုင်နိုင်ငံတွင် လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တောင်ကိုရီးယား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဒရုန်းကိုတွယ်စီးပြီး အကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းခဲ့သော်လည်း ၄င်းနှင့်အတူ ပူးပေါင်းကြံစည်သူက ရိုက်ကူးခဲ့သည့် အစမ်းလေ့ကျင့်မှုဗီဒီယို ပေါက်ကြားသွားခဲ့သဖြင့် ထွက်ပြေးမည့်အစီအစဥ် မအောင်မြင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။
အသက် ၄၇ နှစ်အရွယ် ပက်ဝမ်ယိုသည် ၂၀၁၆ ခုနှစ်က ဘာကိုးလော့ဒ်မြို့ပြင်ရှိ ကြံစိုက်ခင်းတစ်ခုအတွင်း တောင်ကိုရီးယား နိုင်ငံသား သုံးဦးကို သတ်ဖြတ်ခဲ့မှုကြောင့် ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ် အနှစ် ၆၀ ချမှတ်ခြင်းခံခဲ့ရပြီး အဆိုပါ လူသတ်မှုကြောင့် သူသည် ကြံစိုက်ခင်း လူသတ်သမားဟူသည့် နာမည်ဆိုး ရရှိခဲ့သည်။
ဒရုန်းဖြင့် ထောင်မှ ထွက်ပြေးမည့် အစီအစဉ်ကို ယခုနှစ်ဆန်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၄ ဒသမ ၈ ကီလိုဂရမ် (၁၀ ဒသမ ၅ ပေါင်) အလေးချိန်ရှိ မက်သာဖက်တမင်း (Methamphetamine) စိတ်ကြွဆေးပြားများ တင်သွင်းမှု စွဲချက်များကို ရင်ဆိုင်ရန်အတွက် မတ်လအတွင်း တောင်ကိုရီးယားသို့ ယာယီလွှဲပြောင်း မပို့ဆောင်မီ သီတင်းပတ်အလိုတွင် ဖြစ်ကြောင်း ကိုရီးယား ရုပ်သံလိုင်း JTBC က စက်တင်ဘာ ၁၄ ရက် တွင် ဖော်ပြခဲ့သည်။
ယခု ထွက်ပြေးရန် ကြိုးပမ်းမှုမှာ ပက် အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် တရားရုံး ကြားနာစစ်ဆေးမှုမှ ပြန်လည် ခေါ်ဆောင်လာစဉ်တွင် တစ်ကြိမ် လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု အောက်မှ နှစ်ကြိမ်တိုင်တိုင် ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသူ ဖြစ်သည်။
Ref: Bangkok Post