Eleven Media Group

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းပဋိပက္ခဖြစ်ပွားနေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများ၊ လက်နက်/ ခဲယမ်းများ ဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းပဋိပက္ခဖြစ်ပွားနေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအပြင် လက်နက်/ ခဲယမ်းများ ဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် မူးယစ်ဆေးဝါး ပြဿနာကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာထိခိုက်စေလျက်ရှိကြောင်း၊ UNODC ၏ စာရင်းဇယားများအရ ၂၀၂၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးမူးယစ်ဆေးဝါးသုံးစွဲသူ ဦးရေ ၃၁၆ သန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူလုပ်မူးယစ်ဆေးဝါးပြဿနာများနှင့် တိုးမြှင့်ရင်ဆိုင်နေရလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များအပြင် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောကြားသည်။

လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ပြည်တွင်းပဋိပက္ခဖြစ်ပွားနေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအပြင် လက်နက်/ ခဲယမ်းများ ဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှသယ်ဆောင်ပြီး ၎င်းတို့နယ်မြေအတွင်း ထုတ်လုပ်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိရာ “အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်”ကို သုံးသပ်ပြင်ဆင်ရေးဦးစီးကော်မတီဖွဲ့စည်းကာ ပြင်ဆင်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေး Operation 42 ၏ အောင်မြင်မှုများအပေါ်အခြေခံ၍ စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးများ သာမကဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ဓာတုပညာရှင်များ ဝင်ရောက်မှုကို တားမြစ်ရန် လိုအပ်ကြောင်း၊ ပင်လယ်ရေကြောင်းထွက်ပေါက်များတွင် တပ်မတော် (ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့၊ ဆိပ်ကမ်းအာဏာပိုင်တို့နှင့် ပူးပေါင်း၍ ပိတ်ဆို့ ဖမ်းဆီးရန်လိုအပ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် KTV ၊ Bar ၊ Club ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် Hotel ၊ Motel ၊ တည်းခိုခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ပြီး စုံစမ်းဖော်ထုတ်ဖမ်းဆီးသွားရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ မူးယစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်တရားခံပြေး ၅၈ ဦး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ပြီး ၂၀၂၅ ခုနှစ် အတွင်း အမှုပေါင်း ၆၈၅ မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် ငွေကျပ် ၄၂၈၅ သန်းကျော်၊ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အမှုပေါင်း ၃၅၆ မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် ငွေကျပ် ၃၅၈၅ သန်းကျော် သိမ်းဆည်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်လွှတ်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိတ်ဖက်အဖွဲ့ အစည်းများမှ လူပုဂ္ဂိုလ်များနှင့် သတင်းပေးများအား ဆုကြေးငွေနှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့်အတူ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဆုကြေးငွေများ ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များက ကြိုတင်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘိန်းစိုက်တောင်သူများ ဝင်ငွေရရှိမည့်လုပ်ငန်းများအပြင် ဒေသနှင့်ကိုက်ညီသည့် သီးနှံများစိုက်ပျိုးရေးနှင့် ဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြကြောင်း သိရသည်။

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးဖုန်းမြတ်၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးလှိုင်၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group