
TikTok ဖန်တီးခဲ့သည့် ByteDance ကုမ္ပဏီ၏တည်ထောင်သူ ကျန်းယိမင်သည် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာပြီဖြစ်ကြောင်း Bloomberg Billionaires Index ၏ အချက်အလက်များအရ သိရသည်။
ယင်းအခြေအနေသည် AI နည်းပညာတိုးတက်မှုကြောင့် ပေါ်ပေါက်လာသည့် ဘီလျံနာများ၏ ကြွယ်ဝမှုများသည် ရိုးရာစီးပွားရေးလုပ်ငန်းများမှ စုဆောင်းရရှိသည့် ချမ်းသာကြွယ်ဝမှုများထက် ပိုမိုလျင်မြန်စွာ တိုးတက်လာနေကြောင်း ပြသနေသည်။
အသက် ၄၃ နှစ်အရွယ် ကျန်းယိမင်၏ ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလျံကျော် ရှိလာခဲ့သည်။ အမေရိကန်နိုင်ငံတွင် TikTok အသုံးပြုခွင့် ပိတ်ပင်ခံရနိုင်သည်အထိ ဖြစ်စေခဲ့သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ အငြင်းပွားမှုများကို ကျော်ဖြတ်နိုင်ခဲ့ပြီးသည့်နောက် ၎င်း၏ကြွယ်ဝမှုက ဆက်လက်မြင့်တက်လာခြင်းဖြစ်သည်။
Bloomberg Billionaires Index အရ ကျန်းယိမင်သည် အိန္ဒိယဘီလျံနာ စီးပွားရေးသမား ဂေါ်တမ်အဒါနီ၏ ပိုင်ဆိုင်မှုထက် ကျော်လွန်သွားခဲ့သည်။ Bloomberg က ကျန်းယိမင်၏ကြွယ်ဝမှုကို စတင်မှတ်တမ်းတင်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လတွင် ၄င်း၏ပိုင်ဆိုင်မှုက ဒေါ်လာ ၁၃ ဘီလျံခန့်သာရှိခဲ့သော်လည်း ယခုရှစ်ဆအထိ မြင့်တက်လာခဲ့သည်။
TikTok က ကမ္ဘာတစ်ဝန်း လူသုံးများလာမှုအပြင် ByteDance ကလည်း AI နည်းပညာကဏ္ဍသို့ ချဲ့ထွင်ဝင်ရောက်လာမှုက ကျန်းယိမင်၏ ကြွယ်ဝမှု မြင့်တက်လာစေရန် အဓိကအထောက်အကူပြုခဲ့သည်။ ByteDance ၏ AI လုပ်ငန်းများတွင် လူသုံးများလာသည့် Doubao AI chatbot နှင့် ဗီဒီယိုဖန်တီးပေးနိုင်သည့် Seedance တို့ ပါဝင်သည်။
ByteDance သည် TikTok နှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့ကြား ပထဝီနိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများမှ တဖြည်းဖြည်း ကျော်လွှားနိုင်ခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် ByteDance က TikTok ၏ အမေရိကန်လုပ်ငန်းအချို့ကို အမေရိကန်ရင်းနှီးမြှုပ်နှံသူများထံ လွှဲပြောင်းပေးခဲ့သည်။
ကျန်းယိမင်၏ ပိုင်ဆိုင်မှုသည် ယခု စက်တင်ဘာလအတွင်း ဒေါ်လာ ၁၂ ဘီလျံကျော် မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် AI နည်းပညာ အရှိန်အဟုန်ဖြင့် တရုတ်နိုင်ငံတွင် ဘီလျံနာအသစ်များလည်း ပေါ်ပေါက်လာနေသည်။ အချို့က ၎င်းတို့၏ကုမ္ပဏီများ အမြတ်အစွန်းမရသေးသည့်တိုင် ဘီလျံနာများ ဖြစ်လာကြသည်။
တရုတ်နိုင်ငံသည် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်နေပြီး နည်းပညာကဏ္ဍတွင် ကမ္ဘာ့သြဇာ လွှမ်းမိုးမှုရရှိရေးအတွက် အမေရိကန်နှင့် အပြိုင် ကြိုးပမ်းနေသည်။
Ref: Bloomberg