Eleven Media Group

■ ဆူဒန်၏ RSF ထိန်းချုပ်ထားသည့် နယ်မြေ၌ ရွှေတူးဖော်သည့် မိုင်းတွင်းပြိုကျသဖြင့် အနည်းဆုံး သေဆုံးသူ ၈၂ ဦးရှိလာပြီး ဒဏ်ရာရသူ ၅၀ ရှိ

ဆူဒန်နိုင်ငံ၏တောင်ပိုင်း၌ ရွှေတူးဖော်သည့် မိုင်းတွင်းပြိုကျမှု ဖြစ်ပွားသောကြောင့် အနည်းဆုံး ၈၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ဒါဇင်ချီထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၆ ရက်တွင် AFP ကို ပြောကြားခဲ့သည်။

ပျောက်နေသူ အများအပြားရှိနေဆဲဖြစ် ရာသူတို့သည် သဲများနှင့် အပျက်အစီးများအောက်၌ သေဆုံးသွားပြီဟု ယုံကြည်ရသည်။

အနောက်ကော်ဒိုဖန်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် မိုင်းတွင်းပြိုကျမှုအတွင်း အသက်မသေသူနှစ်ဦးက AFP ကို ပြောကြားရာတွင် စက်တင်ဘာ ၁၅ ရက်မှစတင်ကာ ညလုံးပေါက်ကယ်ဆယ်ရေးလုပ်ခဲ့သည်ဟု ဆိုခဲ့ကြသည်။ အရုဏ်ကျင်းချိန်တွင် ရုပ်အလောင်း ၆၀ ကို ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။

အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သည့် ခါရာအယ်ဆေးယက်က အထဲမှာ လူဘယ်လောက် ကျန်နေသလဲဆိုတာကို ကျွန်တော်တို့မသိပါဘူးဟု AFP ကို ပြောကြားခဲ့သည်။ ဘဝတူရွှေတူးသူများက ၎င်းတို့ရွှေကျင်ရာတွင်သုံးသော သာမန်ပစ္စည်းများဖြင့်ပင် ကယ်ဆယ်ရေးကို တစ်ညလုံးလုပ်နေသည်ဟု ဆို သည်။

“လူတိုင်းဟာ အလောင်းတွေပြန်ရဖို့ ဒါမှမဟုတ် အသက်ရှင်သူမှန်သမျှကိုပြန်ရဖို့ပြင်းပြင်းထန်ထန် အလုပ်လုပ်နေကြတာပါ။ ဒါပေမဲ့ခက်ခဲပါတယ်။ ကျောက်တုံးကြီးတွေနဲ့မြေကြီးတွေကို ရှင်းလင်းဖို့ ကျွန်တော်တို့ဟာစက်ယန္တရားကြီးတွေလိုနေပါတယ်”ဟု သူကပြောကြားခဲ့သည်။

နောက်ထပ် ရုပ်အလောင်း ၂၂ လောင်းကို စက်တင်ဘာ ၁၆ ရက်တွင် တွေ့ခဲ့သည်ဟု ခြေလျင်လက်ရုံးအကူတပ်(RSF)၏ လက်အောက်က ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။ RSF သည် အနောက်ကော်ဒိုဖန်ကို ၂၀၂၃ ခုနှစ်ကတည်းက ထိန်းချုပ်ထားသည်။

“လူ ၅၀ ဒဏ်ရာရခဲ့ပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေဆဲ အရေအတွက်ကို မသိရပါဘူး”ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဆူဒန်စစ်တပ်နှင့်ဆူဒန်၏ခြေလျင်အကူ လက်ရုံးတပ်(RSF)တို့ ၂၀၂၃ခုနှစ် ဧပြီတွင် စစ်ဖြစ်ပွားကတည်းက နှစ်ဘက်စလုံး၏ စစ်ရေးကြိုးပမ်းအားထုတ်မှုများကိုနိုင်ငံ၏ ဒေါ်လာဘီလျံချီတန်ကြေးရှိသည့် ရွှေရောင်းဝယ် ဖောက်ကားမှုများမှရရှိသည့်‌ငွေများဖြင့် အဓိကပံ့ပိုးခဲ့ကြခြင်းဖြစ်သည်။

ဆူဒန်တာဝန်ရှိသူများနှင့်သတ္တုတူး ဖော်ရေးလုပ်ငန်းရှိသတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရဆူဒန်မှတင်ပို့သော ရွှေ သို့မဟုတ် ဆူဒန်မှမှောင်ခိုထုတ်သော ရွှေအားလုံးနီးပါးသည် ယူအေအီးနိုင်ငံသို့ရောက်ရှိသွားသည်ဟု သိရသည်။ ယူအေအီးက RSF ကို လက်နက်တပ်ဆင်ပေး နေသည်ဆိုသောသတင်းများကို ပယ်ချထားသည်။
Ref: AFP

မူရင်းသတင်း — Eleven Media Group