Eleven Media Group

■ ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမပေါ်ရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမပေါ်ရှိ နေအိမ်တစ်လုံး စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီကျော်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အနော်ရထာလမ်းနှင့် ဗန္ဓုလပန်းခြံလမ်းထောင့် လျှပ်စစ်ပစ္စည်းဆိုင်အပေါ်ထပ် နေအိမ် မီးလောင်ခြင်းဖြစ်ပြီး မီးမှာ အိမ်တွင်း၌ လှိုက်လောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" မီးလောင်နေတာက အနော်ရထာလမ်းနဲ့ ဗန္ဓုလပန်းခြံလမ်းထိပ်က ဆိုင်ခန်းတွေရဲ့ အပေါ်ထပ်က အိမ်မီးလောင်နေတာပါ။ အထဲမှာ မီးလှိုက်ပြီးလောင်နေတဲ့ သဘောရှိပါတယ်" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုကို ၈ နာရီ ၄၁ မိနစ်တွင် မီးထိန်းနိုင်ပြီး ၉ နာရီ ၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီ ၂၁ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၃ ရက်ညပိုင်းက စမ်းချောင်းမြို့နယ်ရှိ Bar ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group