
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖုန်းလိုင်းများ ပြက်တောက်ခဲ့သည့် ချင်းပြည်နယ် ဖလမ်းမြို့တွင် MPT ဖုန်းလိုင်းများ ပြန်လည်ရရှိကြောင်း သိရသည်။
ဖလမ်းမြို့၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိပြီဖြစ်သည့်အတွက် စက်တင်ဘာ ၁၆ ရက်မှစတင်ပြီး MPT မိုဘိုင်းဖုန်း SIM card များ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်တို့နှင့် သွားရောက်ကြည့်ရှုခဲ့သည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့တွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး MEC-CDMA ဖုန်းလိုင်းကိုသာ အသုံးပြုနေခြင်းဖြစ်ကာ ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT Mobile ဖုန်းလိုင်းပြန်လည်ရှိပြီဖြစ်သည့်အတွက် ပြည်နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများသည် ဖလမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခြေပြုပြီး MPT Mobile SIM card ကတ်ပျောက်၊ ကတ်ပျက်များကို ပြန်လည်လျှောက်ပေးခြင်း၊ SIM card များ မှတ်ပုံတင်ပေးခြင်းနှင့် SIM card အသစ်များ ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။