Eleven Media Group

ဆော်ဒီက ဆက်သွယ်ရေးတာဝါတိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ယီမင်၏ဟူရ်သီပြောကြား

စက်တင်ဘာ ၁၇ ရက်တွင်ယီမင်၌ ဆော်ဒီတိုက်ခိုက်မှုများကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင်များ ပစ်မှတ်ထားခံရသည်ဟု ဟူရ်သီမီဒီယာက ပြောကြားခဲ့သည်။

အီရန်ကျောနောက်ထောက်ခံပေးထားသော ဟူရ်သီအုပ်စုက ပင်လယ်နီကမ်းရိုးတန်းတစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ဆော်ဒီ၏နောက်ဆုံးတိုက်ခိုက်မှုများအတွင်း တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးတာဝါတိုင်များကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ဟူရ်သီမီဒီယာက သတင်းဖော်ပြခဲ့သည်။

“ရန်သူ ဆော်ဒီလေယာဉ်တွေဟာ Taiz ပြည်နယ်ထဲက ဆက်သွယ်ရေးတာဝါတိုင်သုံးခုကို ပစ်မှတ်ထားခဲ့ပါတယ်။ Abs မြို့တိုက်ခိုက်ခံရမှုအတွင်း အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်”ဟု အယ်မာစီယားရုပ်သံက သတင်းဖော်ပြခဲ့သည်။

စက်တင်ဘာ ၁၆ ရက်တွင် ဆော်ဒီက ဟူရ်သီကို စွပ်စွဲပြောကြားခဲ့ရာ၌ ဟူရ်သီသည် အစ္စလာမ်မစ် ဘာသာရေးမြို့မက္ကာကို သူရဲဘောကြောင်စွာ တိုက်ခိုက်ခဲ့သည်ဟု ဆိုခဲ့သည်။ မက္ကာကို တိုက်ခိုက်သည်ဆိုခြင်းအား ဟူရ်သီက ပယ်ချခဲ့သည်။

ဟူရ်သီက ဘက်အယ်-မန်ဒက်ရေလက်ကြားကို ဆော်ဒီအကူအညီပေးနေသော ယီမင်အစိုးရတပ်ဖွဲ့များထံမှ သိမ်းပိုက်လိုက်ကတည်းက ဆော်ဒီ၏တိုက်ခိုက်မှုများနေ့စဉ် ဒါဇင်ချီရှိနေသည်ဟု ဟူရ်သီက ပြောကြားသည်။

ထို့နောက် ဟူရ်သီက ဆော်ဒီသင်္ဘောများကို ရေကြောင်းပိတ်ဆို့မှုလုပ်ဆောင်မည်ဖြစ်ပြီး ဆော်ဒီသင်္ဘောများကိုလည်းကောင်း၊ ဆော်ဒီနယ်မြေကိုလည်းကောင်း တိုက်ခိုက်မှုများ စတင်ပြီဟု ထုတ်ပြန်ခဲ့သည်။

အာရေဗျကျွန်းဆယ်ရိိှ အဆင်းရဲဆုံး ယီမင်နိုင်ငံတွင် ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ပြည်သူ ၁၀၀,၀၀၀ ကျော်နေရပ်စွန့်ခွာခဲ့ရသည်ဟု ကုလသမဂ္ဂကထုတ်ပြန်ထားသည်။

“မက္ကာမြို့ကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ယခင်ကတည်းက သုံးစွဲခဲ့ဖူးတဲ့ အလိမ်အညာဟောင်းတစ်ခုပါ။ ဘယ်သူ့ကိုမှ အရူးလုပ်လို့မရတော့ပါဘူး”ဟုဟူရ်သီ နိုင်ငံရေးဗျူရိုမှ ဟာဇမ်အယ်လ်-အာဆဒ်က X တွင် ရေးခဲ့သည်။

​အမည်မဖော်လိုသည့် မက္ကာမြို့နေပြည်သူတစ်ဦးက AFP သို့ ပြောကြားရာတွင် “လူအချို့ ထိတ်လန့်တကြားနဲ့ ဘာဖြစ်လဲဆိုတာကြည့်ဖို့ ပြတင်းပေါက်ဆီ ပြေးသွားကြတာတွေ့ရတယ်။ သတိ‌ပေးစနစ်ကထိတ် လန့်မှု ဖြစ်စေတာလို့ ထင်ပါတယ်။ မက္ကာမှာပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားနေကြပြီး ယခင်ကလည်း ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးတာကြောင့် ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး”ဟု ဆိုသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group