
■လာမည့်နှစ်တွင် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ရပ်ကွက်လမ်းသွယ်များအတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂိလကကျောင်းများ အပိတ်ခံရဖွယ်ရှိနိုင်သဖြင့် မိဘများအနေဖြင့် ကျောင်းအပ်ရာတွင် ကျောင်းလိုင်စင်အပြင် သတ်မှတ်စံနှုန်းများပြည့်မီခြင်းရှိ မရှိ စိစစ်အပ်နှံရန်လိုအပ်
ကျောင်းအင်္ဂါရပ်အဆောက်အအုံနှင့် အကျယ် အဝန်း သတ်မှတ်ချက်၊ ဝင်ဆံ့အင်အားအရ ကျော်လွန် လက်ခံထားပြီးစာသင်ခန်းအရေအတွက် မပြည့်မီသေးသည့် ပုဂ္ဂလိကကျောင်းများအား ပြင်ဆင်ချိန် ယာယီတစ်နှစ်သတ်မှတ်ပေးထားကြောင်း ပညာရေးဝန်ကြီးဌာနက မီဒီယာအချို့၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၂၇-၂ဝ၂၈ ပညာသင်နှစ်ကစပြီး ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် နိုင်ငံတကာ သင်ရိုးဖြင့် သင်ကြားသောကျောင်းများတွင် ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီသည့် ကျောင်းသား ကျောင်းသူများ စုဝေးကွင်းများနှင့် ကစားကွင်းမြေနေရာမရှိသည့် ကျောင်းများ၊ ကန်ထရိုက်တိုက်နှင့် လုံးချင်းတိုက်များတွင် ကျောင်းဖွင့်ထားပြီး ကျောင်းအကျယ်အဝန်းကျဉ်းသည့် ကျောင်းများကို ပိတ်သိမ်းရမည်ဖြစ်ကြောင်း ရေးဖော်ပြမှုများအပေါ် သတင်းမီဒီယာတစ်ခု၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂ဝ၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သော ပုဂ္ဂလိကကျောင်းများအား ကျောင်း အင်္ဂါရပ်အဆောက်အအုံနှင့် အကျယ်အဝန်း သတ်မှတ်ချက်များ၊ ဝင်ဆံ့အင်အားအရ ကျော်လွန်လက်ခံထားသော စာသင်ခန်းအရေအတွက် မပြည့်မီသေးသည့် ပုဂ္ဂလိကကျောင်းများအား ယခု ပညာသင်နှစ်အတွင်း ပြင်ဆင်ချိန် ယာယီတစ်နှစ်သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/ မရှိ ကျောင်းများအား မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူးများ၊ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များနှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ပုဂ္ဂလိကကျောင်းများကိုသာ ပုဂ္ဂလိကကျောင်းမှတ်ပုံတင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဖြေကြားသည်။
လက်ရှိတွင်လည်း ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကျောင်းများကို လိုက်လံစစ်ဆေးခြင်းများရှိပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စိစစ်မှုများ ရှိနေသည်ဟု ပုဂ္ဂလိကကျောင်း အသိုင်းအဝိုင်းမှ သိရသည်။
" ကျွန်တော်တို့ကျောင်းကိုတော့ လာစစ်သွားပြီးပါပြီ။ ဖြည့်ဆည်းရမယ့်အပိုင်းတွေကိုလည်း ပြောသွားတယ်။ ကျောင်းကလည်း ဖြည့်ဆည်းပေးဖို့ လုပ်နေတယ်။ အဓိက စစ်တာက ကျောင်းသားအရေအတွက်နဲ့ စာသင်ခန်းတွေ ပြည့်မှီတာ ရှိမရှိ၊ ကျောင်းမှာ ကားပါကင်ကောင်းကောင်းရှိလား၊ ပြီးတော့ ကျောင်းသားတွေစုဝေးဖို့အတွက် မြေနေရာရှိလား၊ နိုင်ငံတော်သီချင်းဆိုလား၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း သင်လား စတာတွေလည်း စစ်တယ်" ဟု International ကျောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကြောင့် လာမည့်ပညာသင်နှစ်တွင် မိဘများအနေဖြင့် ကလေးများကို ကျောင်းအပ်နှံရာတွင်ကျောင်းလိုင်စင်ရှိခြင်းအပြင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အချက်များ ပြည့်စုံမှုရှိမရှိ လေ့လာဆန်းစစ်ရန် လိုအပ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
" ကျောင်းလိုင်စင်ရှိသလား မရှိသလားအပြင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အချက်တွေနဲ့ ပြည့်စုံရဲ့လားဆိုတာ ကြည့်ရမယ်။ ကလေးတွေအတွက် ကစားကွင်း၊ စုရပ်ကွင်းတွေ၊ ကျောင်း သားအင်အားနဲ့ စာသင်ခန်းလုံလောက်မှုရှိမရှိ စတာတွေ ကြည့်ရမယ်။ ပြီးတော့ ပညာရေးဝန်ကြီးဌာနဘက်က သတ်မှတ်ထားတာက နိုင်ငံတော်သီချင်း ဆိုသလားမဆိုသလား၊ မြန်မာစာ သင်လားမသင်ဘူးလား။ အဲ့ဒါတွေလည်း မိဘတွေအနေနဲ့ ကြည့်ရှုလေ့လာရမယ်။ ကျောင်းအပ်ပြီးတော့မှ ကျောင်းက ပညာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ကျောင်းပိတ်လိုက်ရရင် မိဘတွေနဲ့ ကလေးတွေ နစ်နာလိမ့်မယ်" ဟု ပညာရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။
အချို့သော ကျောင်းများမှာ လူနေရပ်ကွက်လမ်းသွယ်များတွင် ဖွင့်လှစ်ထားခြင်း၊ တိုက်ခန်းကွန်ဒိုများတွင် ဖွင့်လှစ်ထားခြင်းကြောင့် ကျောင်းစံနှုန်းသတ်မှတ်ချက်နှင့်မကိုက်ညီခြင်း၊ ကျောင်းလွှတ်ချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားခြင်းများရှိနေသဖြင့် ရပ်ကွက်နေပြည်သူများက ဝေဖန်မှုများလည်းရှိနေသည်။
" တချို့နေရာတွေမှာက ရပ်ကွက်ထဲမှာ ဖွင့်ထားတာတွေရော၊ လုံးချင်းတိုက်ခန်းထဲမှာ ဖွင့်ထားတာတွေရောရှိတယ်။ ကျောင်းလွှတ်ပြီဆိုတာနဲ့ ကားတွေက သွားမရတော့ဘူး။ သွားတဲ့ကားတွေကလည်း ကလေးတွေကို သတိထားနေရတယ်" ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။
ကျောင်းသားမိဘများအနေဖြင့် ကျောင်းသားပညာသင်ကြားမှုမထိခိုက်စေရေး၊ ကျောင်းလခများမဆုံးရေးအတွက် လာမည့်ပညာသင်နှစ်အတွက် ကျောင်းကြိုတင်အပ်နှံမည်ဆိုပါက မိမိအပ်နှံမည့်ကျောင်းသည် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်စံကိုက်ကျောင်းဖြစ် မဖြစ်ကို မြို့နယ်ပညာရေးမှူးရုံးတွင် ကြိုတင်စုံစမ်းသင့်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနက လာမည့်ပညာသင်နှစ်စတင်၍ သတ်မှတ်စံနှုန်းကိုက်ညီသည့် ပုဂ္ဂလိကကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သောကြောင့် အစိုးရအခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်မှု ပိုမိုများပြားလာနိုင်သည့် အခြေအနေဖြစ်သည်။
အမျိုးသားသင်ရိုးညွန်တမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်းများနှင့် နိုင်ငံတကာသင်ရိုးညွှွန်တမ်းဖြင့်သင်ကြားသော ပုဂ္ဂလိကကျောင်း(International School)များတွင် ေကျာင်းအင်္ဂါရပ်များတွင် မူလတန်းအဆင့်တွင် ကျောင်းသားတစ်ဦးလျှင် ကြမ်းပြင်ဧရိယာ အနည်းဆုံး ၁၂ စတုရန်းပေအောက် မလျော့နည်းခြင်း၊ စာသင်ခန်း၏အနံသည်အနည်းဆုံး ၁၅ ပေရှိရမည်ဖြစ်ကာ၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးထက်မပိုရဟု သတ်မှတ်ထားသည်။
အလားတူ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသားတစ်ဦးအတွက် စာသင်ခန်းကြမ်းပြင် ဧရိယာသည် အနည်းဆုံး ၁၈ စတုရန်းပေရှိရမည်ဖြစ်ပြီး စာသင်ခန်းအနံသည် အနည်းဆုံး ၂၀ ပေရှိရမည်ဖြစ်ကာ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးထက်မပိုရဟု သတ်မှတ်ထားသည်။
ထို့အတူ အမျိုးသားသင်ရိုးညွန်တမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင် နေ့စဉ်ကျောင်းတက်ချိန်တွင် နိုင်ငံတော်အလံကိုအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုရမည်ဖြစ်ကာ နိုင်ငံတော်ကဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ၏ ဖွင့်ရက်၊ ပိတ်ရက်နှင့် သင်ကြားရေး အစီအစဉ်အတိုင်းလိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာသင်ရိုးညွှွန်တမ်းဖြင့်သင်ကြားသော ပုဂ္ဂလိကကျောင်း(International School)များအနေဖြင့်လည်း ပုဂ္ဂလိကပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်ပြီး နေ့စဉ်ကျောင်းတက်ချိန်တွင် နိုင်ငံတော်အလံကိုအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုရမည်ဖြစ်ကာ မြန်မာနိုင်ငံသား သင်ယူသူများအား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသားသင်ရိုးညွန်းတမ်းကော်မတီက ရေးဆွဲထားသော သင်ရိုးညွန်းတမ်းအတိုင်း မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များကို သင်ကြားရမည်ဖြစ်သည်။
ယင်းအပြင် ပုဂ္ဂလိကကျောင်း(International School)များတွင် မြန်မာစာသင်ကြားလိုသော နိုင်ငံခြားသားသင်ယူသူများသည် သက်ဆိုင်ရာသင်ယူသူ၏ အဆင့်အခြေအနေနှင့် လိုက်လျောညီထွေသည့် အမျိုးသားသင်ရိုးညွှွန်းတမ်းကော်မတီက ရေးဆွဲထားသောသင်ရိုးညွန်းတမ်းအတိုင်း မြန်မာစာဘာသာရပ်ကို သင်ကြားရမည့်အချက်များလည်း ပါဝင်သည်။
ထို့ပြင် ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းပရိဝုဏ်တွင် စာသင်ခန်းအပြင် လက်တွေ့ခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမနှင့် စားသောက်ခန်းမစသည့်နေရာသတ်မှတ်ချက်များလည်း ပါရှိရမည်ဖြစ်သည်။