Eleven Media Group

■အမြန်လမ်း ၃၉ မိုင် ယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းဖြစ်သူ ရုတ်တရက် အတက်ရောဂါဖောက်ကာ လီဗာအရှိန်မြှင့်နင်းမိ၍ ယာဉ်မတော်တဆမှုဖြစ်

ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင် ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအတွင်း ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ယာဉ်မောင်းဖြစ်သူ ရုတ်တရက် အတက်(ဝက်ရူးပြန်)ရောဂါဖောက်ကာ လီဗာအရှိန်မြှင့် နင်းမိသဖြင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး လိုက်ပါလာသော အနက်ရောင် KIA Seltos SUV ယာဉ်သည် ၃၉ မိုင် ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအတွင်း ဝင်ရောက်ပြီး ပြန်လည်ထွက်ခွာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ထွက်ခွာစဉ် ယာဉ်မောင်းဖြစ်သူမှာ ရုတ်တရက် အတက်ရောဂါဖောက်ကာ ခြေထောက်အကြောများ တောင့်သွားပြီး အရှိန်မြှင့်ခြေနင်း (Gas Pedal) ကို မတော်တဆ ဖိနင်းမိခဲ့သဖြင့် ယာဉ်အရှိန်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ရပ်နားစခန်းအတွင်းရှိ ပလက်ဖောင်းအုတ်ခုံကို ကျော်တက်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ယာဉ်မှာ ရပ်နားရန် ဆောက်လုပ်ထားသည့် သွပ်မိုးအဆောက်အအုံနှင့် ပန်းအုတ်ခုံတို့ကို ဝင်တိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းနှင်စဉ် မိမိတို့၏ ကျန်းမာရေးအခြေအနေကို ဂရုပြုရန်လိုအပ်ပြီး အတက်ရောဂါ၊ နှလုံးရောဂါ၊ အိပ်ငိုက်ရောဂါ (Obstructive Sleep Apnea - OSA) ရှိသူများ၊ မျက်စိအမြင်အားနည်းသူများနှင့် အာရုံကြောအားနည်းသူများအနေဖြင့် သက်ဆိုင်ရာ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၏ ခွင့်ပြုချက်ရရှိပြီးမှသာ ယာဉ်မောင်းနှင်ကြရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။

မူရင်းသတင်း — Eleven Media Group