Eleven Media Group

■အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ရန်ကုန်နှင့် မန္တလေးရှိ ကျောင်းအချို့တွင် ဆွေးနွေးခဲ့ဟု အမေရိကန်သံရုံးထုတ်ပြန်

အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ရန်ကုန်နှင့် မန္တလေးရှိ ကျောင်းအချို့တွင် ဆွေးနွေးခဲ့သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

"အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်ပြုဆင်နွှဲမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မိမိတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အစီအစဉ်တွေထဲမှာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ အထူးပြပွဲကို ရန်ကုန်နဲ့ မန္တလေးက ကျောင်းတွေနဲ့ ပညာရေး အသိုက်အဝန်းတွေဆီကို မိမိတို့ ယူဆောင်သွားနေပါပြီ" ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ခရီးစဉ်ကို Yangon American International School မှ စတင်ခဲ့ပြီး အမေရိကန်သံရုံး၏ ပြည်သူ့ရေးရာအရာရှိ ဖီးလစ်ဆာလဇားက ကျောင်းသားများ၊ ပညာရေးဝန်ထမ်းများနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တစ်ဦးချင်းလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးတို့ အပါအဝင် အခြေခံဥပဒေက ကိုယ်စားပြုသည့် အယူအဆများကို ဆွေးနွေးပြောကြားခဲ့သည်ဟု သံရုံးက ထုတ်ပြန်သည်။

ထို့ပြင် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မိတ္တူ၊ မြန်မာဘာသာပြန်နှင့် ကျောင်းသားများ ပိုမို အကျယ်တဝင့်လေ့လာနိုင်ရန် QR ကုဒ်များလည်း ပါဝင်သည်ဟု သံရုံးက ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ကျောင်းများဟု ဖော်ပြထားသော်လည်း မည်သည့် ကျောင်းများပါဝင်သည်ကို ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။

မူရင်းသတင်း — Eleven Media Group