
ရန်ကုန်တိုင်းတွင် ခြောက်လအတွင်း ခါးပိုက်နှိုက်ကျူးလွန်သူ ၁၈၆ ဦးကို လက်ကိုင်ဖုန်းမျိုးစုံ ၂၃၅ လုံး၊ ငွေကျပ် ၆၈ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့်နေရာများတွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခြောက်လတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူတရားခံ အမျိုးသား ၁၆၅ ဦး၊ အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၈၆ ဦးတို့အား ခါးပိုက်နှိုက်မှုကျူးလွန်ရာမှရရှိခဲ့သည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းမျိုးစုံ ၂၃၅ လုံးနှင့် ငွေ ၆၈၈၅၇၀၀ ကျပ်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများကင်းစင်စေရေးအတွက် နယ်မြေအတွင်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်း အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်များဖမ်းဆီးခြင်းများစသည့် မှုခင်း ကျဆင်းရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။