Eleven Media Group

မင်္ဂလာဒုံမြို့နယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး

မင်္ဂလာဒုံမြို့နယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဒေါ်အေးအေးသန်းသည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ(၁)ရပ်ကွက်၊ အမှတ်(၃)လမ်းမပေါ်ရှိ တံတားဖြူမှတ်တိုင်အနီး YBS ယာဉ်အား စီးနင်းရန် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက ၎င်း၏စလင်းဘတ်အိတ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ထောက်ကြန့်နယ်မြေရဲစခန်း၌(ပ)၂၂၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် လုယက်မှုကျူးလွန်ရာ၌ ဆိုင်ကယ်မောင်းနှင်သူဖြစ်သည့် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်နေ တရားခံဝင်းထွဋ်(ခ)ဂီးဂီး(၄၂)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်၊ ခရေပင်လမ်းမကြီးရှိ “ရွှေတက်လူ” လက်ဖက်ရည်ဆိုင်အနီး၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် HONDA 125 အမျိုးစား အနက်ရောင်ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ အဆိုပါဆိုင်ကယ်တွင်နောက်ထိုင်လိုက်ပါပြီး ဒေါ်အေးအေးသန်းထံမှ စလင်းဘတ်အိတ်အား လုယူခဲ့သူ မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်နေ တရားခံ နိုင်အောင်ရင်(၂၈)နှစ်အား ၎င်း၏နေအိမ်မှ လုယက်မှုကျူးလွန်ရာမှရရှိသည့် Samsung အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ Itel K 70 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး၊ “ဒေါ်အေးအေးသန်း”အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ် ၁ ခု၊ လူမှုဖူလုံရေးကတ် ၁ ခု၊ အစိုးရအဖွဲ့ရုံး ဝင်/ထွက်ခွင့်ကတ် ၁ ခု၊ KBZ Bank ကတ် ၁ ခု၊ “ရဲရင့်ဘုန်း” အမည်ပါ နိုင်ငံသား စိစစ်ရေးကတ် ၁ ခု၊ ကျောင်းကြို/ပို့ကတ် ၁ ခုနှင့် အသားရောင် စလင်းဘတ်အိတ် ၁ လုံးဖြင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group