Eleven Media Group

■ KTV၊ Bar၊ Club၊ ဖျော်ဖြေရေးများနှင့် Hotel၊ Motel၊ တည်းခိုခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ပြီး ဖမ်းဆီးမည်

KTV၊ Bar၊ Club၊ ဖျော်ဖြေရေးများနှင့် Hotel၊ Motel၊ တည်းခိုခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ပြီး ဖမ်းဆီးသွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေး Operation 42 ၏ အောင်မြင်မှုများအပေါ်အခြေခံ၍ စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးများ သာမကဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ဓာတုပညာရှင်များ ဝင်ရောက်မှုကို တားမြစ်ရန် လိုအပ်ကြောင်း၊ ပင်လယ်ရေကြောင်းထွက်ပေါက်များတွင် တပ်မတော် (ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့၊ ဆိပ်ကမ်းအာဏာပိုင်တို့နှင့် ပူးပေါင်း၍ ပိတ်ဆို့ ဖမ်းဆီးရန်လိုအပ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် KTV ၊ Bar ၊ Club ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် Hotel ၊ Motel ၊ တည်းခိုခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ပြီး စုံစမ်းဖော်ထုတ်ဖမ်းဆီးသွားရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ မူးယစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်တရားခံပြေး ၅၈ ဦး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ပြီး ၂၀၂၅ ခုနှစ် အတွင်း အမှုပေါင်း ၆၈၅ မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် ငွေကျပ် ၄၂၈၅ သန်းကျော်၊ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အမှုပေါင်း ၃၅၆ မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် ငွေကျပ် ၃၅၈၅ သန်းကျော် သိမ်းဆည်းဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးဖုန်းမြတ်၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးလှိုင်၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group