
■NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရေး နိုင်ငံရေးပါတီများက ကူညီ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများအား ဆွေးနွေးပေးစေလိုဟု NSPNC ဥက္ကဋ္ဌ ပြောကြား
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံရေး ပါတီများအစု အဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ယနေ့(စက်တင်ဘာ ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ်- ၂၀၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် NSPNC နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ ၁၆ ဦးအား ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများသည် ပြည်သူလူထုအား ကိုယ်စားပြုသူများ ဖြစ်ကြောင်း၊ ယခင်ဆွေးနွေးရန် သဘောတူညီထားသည့် ဆွေးနွေးချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လက်နက်ကိုင်များအား တရားဥပဒေဘောင် အတွင်းဝင်ရောက်ရန် နိုင်ငံရေးပါတီများအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ၊ NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိနိုင်ရေး နိုင်ငံရေးပါတီများက ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများအား ဆွေးနွေးပေးစေလို ကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအား ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကိုလည်း ဆွေးနွေးပေးစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနေထိုင်ရာ ဒေသများတွင်ရှိသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်သည့်နည်းလမ်း များအား ဆွေးနွေးပေးစေလိုကြောင်း၊ နိုင်ငံရေးပါတီများနှင့် ယခင်ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသများတွင်ရှိသည့် နေရပ်စွန့်ခွာသူများ နေရပ်ပြန်လည် ရောက်ရှိနိုင်ရေး ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေ လိုကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ထို့အတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဒီမိုကရေစီအစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မှုများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ချမှတ်ပေးထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
အလားတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)က ယခင်အတွေ့ အကြုံနှင့် အောင်မြင်မှုများအပေါ် အခြေခံပြီးလက်ရှိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ပိုမိုချိတ်ဆက်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်၊ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဦးတည်ချက်၊ အသွင်ကူးပြောင်းရေး မဟာဗျူဟာနှင့် ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ (၃၂) ပါတီမှ ကိုယ်စားလှယ်များက ယခင်လက်မှတ် ရေးထိုးခဲ့သည့် Bilateral ပါ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုအခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးစကားဝိုင်းများ ကျင်းပ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် မီဒီယာများ၏ အခန်းကဏ္ဍအရေးပါပုံ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများပါဝင်မှုနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည့် နည်းလမ်း များ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များ၊ ပြည်သူလူထုအား အသိပညာပေးဆောင်ရွက်မှု လုပ်ဆောင်နိုင်ရေးကိစ္စများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အမြင်သဘောထားများကို ဆွေးနွေးကြပြီး ဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့သည်။
တွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်၊ နိုင်ငံရေးပါတီများအစုအဖွဲ့ ၃၂ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။