
နေပြည်တော်၊ စက်တင်ဘာ ၂၀
ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့မှထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
ဒုတိယသမ္မတ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ကောင်စီဥက္ကဌ ဦးကံမြင့် သန်း၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နေပြည်တော်ကောင်စီဝင်များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
စက်တင်ဘာ ၁၈ ရက် ညနေပိုင်းကလည်း ဒုတိယသမ္မတသည် နန်နင်းမြို့ မြန်မာကုန်သွယ် ရေးကိုယ်စားလှယ်ရုံး၌ မြန်မာ-တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးလုပ် ငန်းဆိုင်ရာ ပိုမိုတိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ခရီးစဉ်အတွင်း ဒုတိယသမ္မတသည် XPENG မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် GAC မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများသို့ သွားရောက်ပြီး ကုမ္ပဏီထုတ်မော်တော်ယာဉ်များနှင့် မော်တော်ယာဉ်များထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသခဲ့ကြသည်။
#News #Myanmar