Eleven Media Group

နီပေါနိုင်ငံသို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ လူကြုံပစ္စည်းများမှ တစ်ဆင့် မူးယစ်ဆေးဝါး ဖမ်းဆီးခံရမှုများရှိနေသဖြင့် သတိပြုရန် မြန်မာသံရုံး အသိပေး

နီပေါနိုင်ငံသို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ လူကြုံပစ္စည်းများမှ တစ်ဆင့် မူးယစ်ဆေးဝါး ဖမ်းဆီးခံရမှုများရှိနေသဖြင့် သတိပြုဆင်ခြင်၍ ခရီးသွားလာကြရန် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။

နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ Tribhuvan နိုင်ငံတကာလေဆိပ်တွင် မြန်မာနိုင်ငံသားအချို့ မူးယစ်ဆေးဝါးသယ်ဆောင်လာမှုဖြင့် ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသဖြင့် နီပေါနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိပြုကြရန် ကတ္တမန္ဒူးမြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အခြားသောနိုင်ငံများမှ တစ်ဆင့် နီပေါနိုင်ငံသို့ အလည်အပတ်ဖြင့်သော်လည်းကောင်း၊ ပစ္စည်း သယ်ယူပို့ဆောင်သည့် လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့်သော်လည်းကောင်း၊ အလုပ်အကိုင်ရှာဖွေရန်သော်လည်းကောင်း အကြောင်း အမျိုးမျိုးဖြင့် လာရောက်ကြသည့် မြန်မာနိုင်ငံသားများအနက် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ မသမာသူများက ရည်ရွယ်ချက်ရှိရှိဖြင့် လျှို့ဝှက်စွာ ထည့်ပေးလိုက်သော လူကြုံပစ္စည်းများအတွင်း၌ တရားမဝင်ပစ္စည်းများ(ဥပမာ-ဆေးခြောက်များ)ကို သယ်ဆောင် လာသဖြင့် ကတ္တမန္ဒူးမြို့ရှိ Tribhuvan နိုင်ငံတကာလေဆိပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာမှုဖြင့် မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ယခုရက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်ပါ၍ နီပေါနိုင်ငံသို့ လာရောက်ကြမည့် မြန်မာခရီးသွားများအနေဖြင့် အလားတူဖြစ်စဉ်များ ထပ်မံမပေါ်ပေါက်စေရေး သတိပြုဆင်ခြင်၍ ခရီးသွားလာကြရန် မြန်မာသံရုံးက အသိပေးနှိူးဆော်ထားသည်။

မူရင်းသတင်း — Eleven Media Group