
UFC 331 ပွဲစဉ် ခေါင်ပွဲဖြစ်တဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား ဂျိုရှူအာဗန်က ဘရာဇီးလ်ကစားသမား ပန်တိုဂျာကို အမှတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့ပါတယ်။
၂၄ နှစ်သာရှိသေးတဲ့ ဂျိုရှူအာဗန်ကို ဒိုင်လူကြီး သုံးဦးစလုံးက ၄၉-၄၆၊ ၄၉-၄၇၊ ၅၀-၄၅ မှတ်နဲ့ အနိုင်ပေးခဲ့လို့ အငြင်းပွားဖွယ်မရှိ အနိုင်ရခဲ့တာဖြစ်တယ်။
ဂျိုရှူအာဗန်အနေနဲ့ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့ပြီး ပန်တိုဂျာနဲ့ တွေ့ဆုံတဲ့ နှစ်ပွဲစလုံး အနိုင်ရခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ ပန်တိုဂျာ လက်မောင်းဒဏ်ရာရပြီး အရှုံးပေးခဲ့ရလို့ ဂျိုရှူအာဗန်ရဲ့အောင်မြင်မှုအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ အခုပွဲမှာတော့ ဂျိုရှူအာဗန်က လက်ရည်အသာစီးနဲ့ကစားပြီး စစ်မှန်တဲ့ ဖလိုင်းဝိတ်ချန်ပီယံအဖြစ် သက်သေပြခဲ့ပါတယ်။
ဂျိုရှူအာဗန်ဟာ အခုနှစ် မေလ ၉ ရက်က ထိုးသတ်ခဲ့တဲ့ ပထမဆုံး ချန်ပီယံကာကွယ်ပွဲမှာ ဂျပန်ကစားသမား တက်ဆူရိုတိုင်ရာကို ငါးချီမှာ ဒိုင်ပွဲရပ်အလဲထိုးနဲ့ အနိုင်ခဲ့တာဖြစ်တယ်။
၎င်းဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ UFC ပွဲ ရှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာပါ။
ပန်တိုဂျာကို အနိုင်ယူခဲ့တဲ့ နှစ်ပွဲအပါအဝင် UFC ပွဲစဉ် ၁၂ ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ပြီး ၁၁ ပွဲအထိ အနိုင်ရခဲ့တာဖြစ်ပါတယ်။
Photos: UFC