Myanmar National Post

ဖလမ်းမြို့သို့ နေရပ်ပြန်လာသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာသန့်ဇော်လွင်နှင့်အဖွဲ့မှ ကြိုဆို















ချင်း၊ စက်တင်ဘာ ၁၉

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စက်တင်ဘာလ (၁၇)ရက်နေ့က နေရပ်ပြန်ရောက်ရှိလာသည့် ဒေသခံပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များက ကြိုဆိုကြသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများအား ဂုဏ်ပြုဖျော်ဖြေရန် ရောက်ရှိလာသည့် တေးသံရှင် ထူးအယ်လင်းနှင့်အတူ ကျင်မွာလ်ရပ်ကွက် လွတ်လပ်ရေးစေတီတွင် နေရပ်ပြန်လာသူများကို ကြိုဆိုနှုတ်ဆက်ကြပြီး၊ သက်ဆိုင်ရာ ဌာနဆိုင်များမှ နေရပ်ပြန်လာသူ စုစုပေါင်း (၁၁၁)ဦးတို့၏ အချက်အလက်ကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နေရပ်ပြန်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောသည်။

ဖလမ်းမြို့အား တပ်မတော်မှ ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများသည် မေလ (၆)ရက်နေ့မှ စတင်ပြီး နေရပ်ပြန်လာကြခြင်းဖြစ်သည်။  ယခုအခါ ဌာနဆိုင်ရာရုံးများ ပုံမှန်လည်ပတ်ပြီး၊ ဖလမ်းမြို့ပေါ်လူဦးရေ၏ (၂၁ ဒသမ ၆၄)ရာခိုင်နှုန်း နေရပ်ပြန်လာပြီဖြစ်ကြောင်းနှင့် နေ့စဉ် နေရပ်ပြန်လာလျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ  အခြေခံအဆောက်အအုံ ပြုပြင်ခြင်း လုပ်ငန်းများနှင့် နေရပ်ပြန်ပြည်သူများ၏ စိတ်လုံခြုံမှုရှိစေရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ (၁၈)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရှလွယ်ခန်းမ၌ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။ အဆိုပါပြိုင်ပွဲအား အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ဖလမ်းမြို့ပေါ်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ (၅၉)ဦးတို့က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်း(ထက်ဆင့်)၊ မူလတန်း(အောက်ဆင့်) တစ်ဦးချင်းနှင့် အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ ပြန်လည်ထောင်ရေးလုပ်ငန်းများဖြစ်သည့် မြို့ပြနှင့်အိုးအိမ်ဦးစီးဌာန၊ (၄)ခန်းတွဲ (၂)ထပ်အိမ်ရာ (၂)လုံး ပြုပြင်နေမှုများကိုလည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ပြုပြင်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post