
တောင်ကြီးမြို့ပြင် BOC ဆီဆိုင်ဘေးနားတွင် တောင်ပေါ်မှ ကျောက်တုံးကြီး လိမ့်ကျပြီး ပြည်နယ်သတ္တုတွင်းရုံးဝင်းအတွင်းရှိ အဆောက်အအုံတစ်ခုနှင့် ယာဉ်နှစ်စီးပျက်စီးခဲ့ကာ ရှင်းလင်းရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီကျော်တွင် အဆိုပါကျောက်တုံးကြီး တောင်ပေါ်မှ လိမ့်ကျခြင်း ဖြစ်ကာ ရုံးအဆောက်အအုံကို ထိခိုက်ပြီး လမ်းတစ်ဖက်တစ်ချက် BOC ဆီဆိုင်ဘေးနားရှိ ဆီသိုလှောင်ရာ မြေနေရာသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ တောင်ကြီးမြို၊ သစ်တောရပ်ကွက်၊ သတ္တုတွင်းဦးစီးဌာနရုံး သို့ ပြိုကျခဲ့သဖြင့် ရုံး အဆောက်အအုံတစ်ခု ပျက်စီးခဲ့ခြင်း ဖြစ်ကာ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းသိရသည်။
အခင်းဖြစ်ရာနေရာကို ညပိုင်းတွင် ရှင်းလင်းရေး ဆောင်ရွက်ရာ ည ၁ နာရီခွဲ အချိန်တွင် လမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကာ ၊ တောင်ပေါ်တွင်လည်း မြေပြင် အနေအထား စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကျောက်တုံးကြီးကိုလည်း စက်ယန္တရားအသုံးပြု၍ ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ရွှေမုဋ္ဌောဘုရားတောင်ကနေ မိုးရွာတဲ့အရှိန်နဲ့ ကျောက်တုံးကြီး ပြိုကျတာ ည ဘက် ၁၀ နာရီခွဲ အချိန် ကျတာ ၊ ကျကျခြင်း ရောက်လာပြီး ရှင်းလင်းရေး လုပ်တာပေါ့။ ဒီမနက်မှာတော့ လမ်းဘေး မှာ ရေမြောင်း ပိတ်ဆို့တာတွေ ရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်တယ်။ အဓိက ကျောက်တုံးကြီး ဖယ်ရှားဖို့ပေါ့။ ကျောက်တုံးကြီး ရောက်နေတာက BOC ဆီဆိုင် ဘေးနားပေါ့။ နောက်မှာ ဆီအပြည့် တင်ထားတဲ့ ဘောက်ဆာတွေ ရှိတယ်" ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။
"ဘုရားတောင် ခေါ်တာပေါ့။ နောက်တော့ ရွှေမုဋ္ဌော ဘုရား တည်ထားတာ၊ အခု ကျောက်တုံးကြီးက တောင်ကလပ်တစ်ခုလိုပေါ့။ သစ်ပင်တွေလည်း ရှိတယ်။ ဆရာမတို့က သစ်ပင် စိုက်တဲ့ အဖွဲ့ပါ။ မြင့်လွန်းတော့ မနေ့က မိုးတော်တော်ရွာလိုက်တာ မြေပျော့ပြီး ကျတာ၊ ဒီကျောက်တုံးကြီးက သိပ်သဘော ကောင်းတဲ့ ကျောက်တုံးကြီး ၊ ပွတ်တိုက်ပြီး ဆင်းလာတယ်။ အဆောက်အဦ နှစ်ခု ကြားထဲ ရှိတဲ့ အိမ်ငယ်လေးကို ဝင်တိုက်တယ်။ နည်းနည်း အရှိန်လျော့ပြီး လမ်းပေါ် ရောက်တယ်။ လမ်းကို ကျော်ပြီး လွတ်လပ်နေတဲ့ ဝင်းကြီးထဲကို ကျပြီး ရပ်သွားတယ်" ဟု တောင်ကြီးမြို့ခံ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ နှင်းရီအေး က ပြောကြားသည်။
ကျောက်တုံးပြိုကျမှုကြောင့် ပြည်နယ်သတ္တုတွင်းရုံးဝင်းအတွင်းရှိ တစ်ထပ်အဆောက်အုံတစ်လုံးအပြင် ယင်းရုံးဝင်းအတွင်း ရပ်တန့်ထားသည့် Nissan Xtrail အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီးနှင့် Honda Fit အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိ ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးးငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်ကလည်း ထိုနေရာ အနီး၌ တောင်ကြီးတောင်ပေါ်မှ ကျောက်တုံး ပြိုကျမှု ဖြစ်ပွားခဲ့သေးသည်။
■ ဓါတ်ပုံ နှင့် သတင်း - စည်သာ(တောင်ကြီး)