Myanmar National Post

Digital အသွင်ကူးပြောင်းရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် ရလဒ်ကိုမည်ကဲ့သို့ စောင့်ကြည့် မှု ပြုလုပ်ပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်နေမှုအခြေအနေကို ရှင်းလင်းပြောကြားရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် မေးမြန်း


၂၀၀၄ ခုနှစ်မှစတင်၍ ICT နည်းပညာများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက် ဖြင့် ၂၀၀၅ ခုနှစ်တွင် ပထမ ICT Development Master Plan ၊ ၂၀၂၀ ခုနှစ်တွင် ဒုတိယ ICT Development Master Plan ၊ ၂၀၁၆ ခုနှစ်တွင် e-Government Master Plan ၊ ၂၀၂၃ ခုနှစ်တွင် e-Government Master Plan 2030 တို့ကို အသီးသီးရေးဆွဲခဲ့ကြပါကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံကိန်းများကို ငွေကြေးမြောက်မြားစွာ အကုန်ကျခံ  အဆင့်ဆင့်ရေးဆွဲ ဆောင်ရွက်ခဲ့ သော်လည်းတစ်နှစ်ထက်တစ်နှစ် လက်တွေ့မြေပြင် အကောင်အထည်ဖော်နိုင်မှု အပိုင်းတွင် မူလ ရည်မှန်းချက်ပန်းတိုင်များနှင့် ကွာဟချက်များစွာရှိနေဆဲဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် လျာထားတောင်းခံထားသည့် ဘတ်ဂျက်များအတိုင်း တိကျစွာ ဆောင်ရွက်ခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးမှု အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊

မြန်မာနိုင်ငံ၏ အာဆီယံ Digital ပေါင်းစည်းမှုညွှန်းကိန်းအဆင့်ကိုကြည့်မည်ဆိုပါက Data Production and Cyber Security မှာ ရမှတ် ၃၁.၄၄ ဖြင့် အနိမ့်ဆုံးအဆင့်ရှိခဲ့ကြောင်းတွေ့ရှိရပြီး ယခုလိုဖြစ်နေခြင်းသည်Digital Skill and Talent တွင် ရမှတ် ၃၉.၅၁ ဖြစ်နေသည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ဦးစွာစဉ်းစားပြီးလုပ်ဆောင်မှ လုံခြုံရေးအတွက် ပိုမိုစိတ်ချရမည် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် သုံးစွဲလိုက်သည့် ဘဏ္ဍာငွေအပေါ်တွင်လည်း ရင်းနှီးမြှုပ်နှံမှု နှင့် ရရှိလာမည့် အကျိုးပြုနိုင်မှုရလဒ် Return of Investment ကို ပြန်လည်သုံးသပ်ဆန်းစစ်သည့် စနစ်တကျရှိသည့် ယန္တရား(Mechanism) ထားရှိ ဆောင်ရွက်မှုအားနည်းနေသေးကြောင်း လေ့လာ တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ e-Government သည် ရေရှည်စီမံကိန်းတစ်ခုဖြစ်သည့် အတွက် Monitoring and Evaluation Frame သည် အလွန် အရေးကြီးပြီး ပြည်သူများ အကျိုးရှိ စေရန်အတွက် ယင်း Frame အတိုင်း Digital အသွင် ကူးပြောင်းရေးကော်မတီ၊ Digital Transformation Committee ဖွဲ့စည်း၍ Digital စနစ်ကို စံနှုန်းသတ်မှတ်ခြင်း၊ အရင်းအမြစ်များ စီမံခန့်ခွဲခြင်း၊ လုံခြုံရေးစောင့်ကြည့်ခြင်း၊ ပြောင်းလဲမှုစီမံခန့်ခွဲခြင်းစသည့်အချက်၄ချက်နှင့် ဆောင်ရွက် သင့်ကြောင်းကို လေ့လာတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံ၏ Digital အသွင် ကူးပြောင်း ရေး ဆောင်ရွက်ရာတွင် သုံးစွဲကုန်ကျစရိတ်နှင့် ပြည်သူ့အပေါ် အကျိုးပြုသည့်ရလဒ် ကို မည်ကဲ့သို့ စောင့်ကြည့်လေ့လာသုံးသပ်မှုပြုလုပ်ပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်နေမှု အခြေ အနေကို ရှင်းလင်း ပြောကြားပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။


ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် က - 

မြန်မာနိုင်ငံ၏ ICT နှင့် e-Government ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Myanmar ICT Development Master Plan 2005-2030 နှင့် Myanmar ICT Development Master Plan 2011-2015 တို့ကို ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီ၊ အထောက်အပံ့ဖြင့် ရေးဆွဲခဲ့ ပါကြောင်း၊   Myanmar e-Government Master Plan 2016-2020 ကို Asia Development Bank ၏အကူအညီ၊ အထောက်အပံ့ဖြင့် ရေးဆွဲခဲ့ပါကြောင်း၊ ထို့အပြင် e-Government အား အောင်မြင် စွာ ဆောင်ရွက်ခဲ့သည့် နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို လေ့လာ ဆန်းစစ်ခြင်းပြုလုပ်ပြီး Myanmar e-Government Master Plan 2030 ကို ဝန်ကြီးဌာန၊ အဖွဲ့ အစည်းအသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းကျွမ်းကျင်ပညာရှင်များဖြင့် ရေးဆွဲခဲ့ပါ ကြောင်း၊ အဆိုပါ Master Plan များတွင်ပါဝင်သော လုပ်ငန်းစီမံကိန်းများကို အစိုးရ ဝန်ကြီး ဌာန၊ အဖွဲ့အစည်းအသီးသီးမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ e-Government ဦးဆောင် ကော်မတီနှင့်      e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီများကို ဖွဲ့စည်းခဲ့ပြီးဆပ်ကော်မတီ ၈ ခု ဖြင့် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိပါကြောင်း၊ ကြီးကြပ်ကွပ်ကဲမှု ဆပ်ကော်မတီလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဌာနများ၏ e-Governmentလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ကို ကြီးကြပ်ကွပ်ကဲ လျက်ရှိ ပါကြောင်း၊

ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထုတ်ပြန်သော e-Government Development Index တွင် မြန်မာနိုင်ငံသည် ၂ဝ၁ဝ ခုနှစ်မှာ အလယ်အလတ်အဆင့်သာရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၌ မြင့်မားသောအဆင့်သို့ တိုးတက်လာသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဒီဂျစ်တယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဦးတည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသား အဆင့်ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအား နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြင်ပ ပညာရှင်များဖြင့် ၁၂-၆-၂ဝ၂၆ ရက် တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏ ဒီဂျစ်တယ်စနစ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းညွှန်ချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နေမှုများကို ပြည်သူ့အပေါ် အကျိုးသက်ရောက်မှုရှိသည့် ရလဒ်များထွက်ရှိမှုပေါ် မူတည်၍ ကြီးကြပ်ကွပ်ကဲ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအရ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်ရည်ရွယ်၍ အမျိုးသားဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၃၀ ကို ပြုစုရေးဆွဲခဲ့ပြီး နိုင်ငံတော်သမ္မတရုံး၏ အတည်ပြုချက်ကို ရရှိထားပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ဥပဒေ၊ မူဝါဒနှင့် စီမံခန့်ခွဲမှု မူဘောင်များပြဋ္ဌာန်းခြင်း၊ သတ်မှတ်ခြင်း၊ ဒီဂျစ်တယ် အခြေခံအဆောက်အအုံအဆင့်မြှင့်တင်ခြင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် ဒီဂျစ်တယ်အချုပ်အခြာအာဏာ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဒီဂျစ်တယ်အသိပညာပေးခြင်း၊ ဒီဂျစ်တယ်အစိုးရသို့ အသွင်ကူးပြောင်း ခြင်း၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဆန်းသစ်တီထွင်မှု၊ ဒီဂျစ်တယ်စီးပွားရေးနှင့် နည်းပညာ အထူးဇုန်များ၊ ဉာဏ်ရည်တုနည်းပညာနှင့် ထွန်းသစ်စနည်းပညာများဖော်ဆောင်ခြင်း၊ ရေရှည် တည်တံ့စေခြင်းစသည့် မဏ္ဍိုင် ၉ ခု ဖြင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးကို ချဉ်းကပ်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာမဏ္ဍိုင် ၉ ခုဖြစ်သည့်ရေရှည်တည့်တံ့ စေခြင်းအပိုင်းတွင်အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများ Key Performance Indicators ဖြင့် ဆန်းစစ်အကဲဖြတ်မှု စနစ်များကို အသုံးပြု၍ မဟာဗျူဟာ၏ တိုးတက်မှုအခြေအနေကို ဆန်းစစ် သုံးသပ်ပြီး လိုအပ်သည့် မူဝါဒ၊ စီမံကိန်းနှင့် လုပ်ငန်းအစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင် မွမ်းမံခြင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ဒီဂျစ်တယ် ပတ်ဝန်းကျင် ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် မဟာဗျူဟာကို အချိန်ကာလအလိုက် ပြန်လည် သုံးသပ်၍ အဆင့်မြှင့်တင်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးနှင့် သုတေသနအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက် များနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှု ကိုမြှင့်တင်ကာ မဟာဗျူဟာ၏ ရေရှည်တည်တံ့မှုနှင့် နိုင်ငံ၏ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၃ဝ ပြည့်နှစ် ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းရှိ မရှိ၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့် ကြည့်ရှုသွားမည် ဖြစ်ပါကြောင်း၊ မဟာ ဗျူဟာလုပ်ငန်းစဉ်များ၏ တိုးတက်မှုကိုစနစ်တကျ စောင့်ကြည့်ရန် ၆ လပတ်တစ်ကြိမ် အစီရင်ခံစာ များပြုစု၍ သက်ဆိုင်ရာဦးစီးဌာနက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး နှစ်စဉ်အလိုက် မဟာဗျူဟာ၏ ထိရောက်မှုနှင့် လိုအပ်ချက်များကို ပြန်လည် သုံးသပ်၍ ခေတ်စနစ်နှင့်အညီ ပြင်ဆင်၊ အဆင့်မြှင့်တင်၊ ဆန်းသစ် တီထွင်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သော Digital Government ၊ Digital Infrastructure ၊ Digital Trade and e-Commerce Cyber Security အစရှိသည့်လုပ်ငန်းစဉ်များသည် ငွေကြေးအရ အကျိုးအမြတ်ရှာဖွေသည့် လုပ်ငန်းသဘောသဘာဝ မဟုတ်ပါသဖြင့် သုံးစွဲသည့်ဘဏ္ဍာငွေအပေါ်တွင် Return on Investment ကို အချိန်တိုအတွင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်မည်မဟုတ်ဘဲ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံပြီး ရေရှည်စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းစဉ်များသာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန များအနေဖြင့် ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှစ်လတ်မူဘောင်ကို ဦးစွာရေးဆွဲရပါကြောင်း၊ ထို့နောက် ဌာနအလိုက် အဆိုပြု လျာထားသည့်ငွေရေးဆွဲ၍ ငွေလုံးငွေရင်းအသုံးစရိတ် လျာထားငွေများအတွက် ကော်မတီ ၃ ရပ်ဖြစ် သည့် စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၊ ဆောက်လုပ်ရေး လုပ်ငန်း စိစစ်ညှိနှိုင်းရေး အဖွဲ့တို့၏ စိစစ်မှုခံယူရပါကြောင်း၊ အဆိုပါကော်မတီ ၃ ရပ်မှစိစစ်ပြီး ခွင့်ပြုသည့် ဘတ်ဂျတ်ငွေ ပမာဏအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးဦးဆောင်သောအဖွဲ့၏ ထပ်ဆင့်စိစစ်မှုကိုခံယူရပါကြောင်း၊ ထို့နောက် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ကြိုတင်စိစစ်ရေးကော်မတီနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၊ ဒုတိယဥက္ကဋ္ဌတို့၏ ထပ်ဆင့်စိစစ်မှုခံယူ၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ တင်ပြအတည်ပြုချက် ရယူရပါကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်မှ သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီးမှ ခွင့်ပြုခဲ့သည့် မူလခွင့်ပြု လျာထားငွေအပေါ် ဝယ်ယူရေးအစီအစဉ်ရေးဆွဲပြီး ပြည်ထောင်စုဝန်ကြီးထံ တင်ပြအတည်ပြုချက်ရယူရပါကြောင်း၊ ဆက်လက်၍ တင်ဒါကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ တင်ဒါ လက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့ကို ဖွဲ့စည်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) နှင့် နိုင်ငံတော်သမ္မတရုံး၏ ၁၆.၉.၂ဝ၂၆ ရက်တွင် အသစ်ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် အမှတ် (၃/၂၀၂၆)တို့နှင့်အညီ တိကျစွာ စစ်ဆေးကြီးကြပ်ဆောင်ရွက်ရပါကြောင်း၊

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို စနစ်တကျ လမ်းညွှန်အကောင်အထည်ဖော်ရန်အတွက် အမျိုးသားဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာအရ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး ရေတိုကာလတွင် သိသာထင်ရှားမြင်သာသည့် ငွေကြေးအကျိုးအမြတ်များ ရရှိနိုင်မည်မဟုတ် သော်လည်း ရေရှည်ကာလများတွင် အစိုးရ၏ ဒီဂျစ်တယ်ဝန်ဆောင်မှုများဖြင့် ပြည်သူလူထု တစ်ရပ် လုံး၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် သိသာထင်ရှားသည့်ရလဒ်များ၊ လူနေမှုနှင့် လူမှုစီးပွားကိစ္စ ရပ်များ တွင် တိုးတက်မှုများ ရရှိလာမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြည်သူအပေါ်အကျိုးပြုသည့် ရလဒ်ကောင်းများ ရရှိနိုင်ရေးအတွက် စနစ်တကျစောင့်ကြည့်အကဲဖြတ်ခြင်း (Monitoring and Evaluation) နှင့် လုပ်ငန်းစွမ်းဆောင်ရည်ညွှန်းကိန်းများ (Key Performance Indicators-KPIs) သတ်မှတ်တိုင်းတာခြင်းတို့ကိုပန်းတိုင်ရည်မှန်းချက်များချမှတ်၍ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်(ချောင်းဦးမဲဆန္ဒနယ်) က -

မိမိအနေဖြင့် အကြံပြုလိုသည်မှာ ဌာနအသီးသီးတွင် ဝယ်ယူ အသုံးပြုနေသည့် Hardware များနှင့် Software များသည် အချင်းချင်း ချိတ်ဆက်အသုံးပြုနိုင်စွမ်း (Interoperability) ရှိစေရန် NDC မှချမှတ်ပေးထားသည့် e-Government စံချိန်စံညွှန်းများနှင့် ကိုက်ညီမှသာ ဘတ်ဂျက် ခွင့်ပြုပေးသည့်စနစ်ကို ပြောင်းလဲကျင့်သုံးရန်လိုအပ်ခြင်း၊ ဝန်ကြီးဌာနအလိုက် Software များ၊ Hardware များ ထပ်တလဲလဲ ဝယ်ယူမှုများ ဖြစ်ပေါ်နိုင်သည့် အတွက် ကုန်ကျစရိတ် လျှော့ချရေး အတွက် Share Platform များ ဖြည့်ဆည်းပေးရန်လိုအပ်ခြင်း၊ အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်ပါကတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် တင်ဒါအောင်မြင်သောကုမ္ပဏီများ နှင့် စာချုပ်ချုပ်ဆိုရာတွင် ပြင်းထန်သောဒဏ်ကြေးနှင့် အရေးယူမှုဆိုင်ရာသတ်မှတ်ချက်များ ထည့်သွင်း ချုပ်ဆိုစေခြင်း၊ အဆင့်နိမ့်ကျသော Data Protection and Cyber Security အဆင့်ကို မြင့်တင်ရန် အတွက် လုံခြုံရေးမူဝါဒကို အစိုးရကွန်ရက်များအားလုံးနှင့် မဖြစ်မနေ အကောင်အထည်ဖော်စေ ခြင်း၊ နိုင်ငံတော်၏ အာဆီယံ Digital ညွှန်းကိန်းရမှတ်များ  ပြန်လည်မြင့်တက်လာစေရန် အစိုးရဝန်ထမ်းများအား  ခေတ်မီ Digital နည်းပညာများနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာ ဆိုင်ရာ သင်တန်းများကို မဖြစ်မနေတက်ရောက်စေခြင်း၊ ဒုတိယဝန်ကြီးမှလည်း ထည့်သွင်း၍ ပြောကြား သွားပါကြောင်း၊နောက်ဆုံးအချကမှာ Digital အသွင်ကူးပြောင်းရေးကော်မတီတွင် Third Party မှနည်းပညာကျွမ်းကျင်သူများ ပါဝင်ဖွဲ့စည်းစေကာ အမှန်တကယ် စစ်ဆေးအကဲဖြတ်စေခြင်းနှင့် Digital Transformation Committee အား လုပ်ပိုင်ခွင့် အပြည့်အဝပေး၍ စီမံကိန်းများ၏ တိုးတက်မှု အခြေအနေကို Monitoring and Evaluation Framework ဖြင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် အကဲဖြတ်ခြင်းများ ပြုလုပ်သွားသင့်ကြောင်း အကြံပြုတင်ပြခဲ့ပါသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post