Eleven Media Group

■ လက်ရှိတွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သား၊ သမီးများ စစ်မှုထမ်းနေကြသည့်အတွက် မိမိတို့နိုင်ငံတွင် အကျုံးဝင်သည့် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ၄င်းတို့၏ သားသမီးများကိုပါ စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ် ရှိ၊ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

■ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ နည်းဥပဒေ၊ ဥပဒေများ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အမျိုးသားတိုင်း အလှည့်ကျသည့်အချိန်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

လက်ရှိတွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သား၊ သမီးများ စစ်မှုထမ်းနေကြသည့်အတွက် မိမိတို့နိုင်ငံတွင် အကျုံးဝင်သည့် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ၄င်းတို့၏ သားသမီးများကိုပါ စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ် ရှိ၊ မရှိ ဗိုလ်တထောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက် က လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်)က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မှုစနစ်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေး မည်သို့ဆောင်ရွက်မည်နှင့် ဆက်လက်ဆောင်ရွက်နေသည်ကို ပြည်သူသိရှိနိုင်ရေး အသိပညာပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ ပြန်လည်ဖြေကြားမှုအပေါ် ဗိုလ်တထောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက် က ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းတဲ့နေရာမှာ လက်ရှိတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီးများရဲ့ သား၊ သမီးတွေပါ စစ်မှုထမ်းနေကြောင်း သိရတဲ့အတွက် များစွာဂုဏ်ယူရပါတယ်။ ထို့အတွက် နိုင်ငံတကာနည်းတူ မိမိတို့နိုင်ငံမှာလည်း အကျုံးဝင်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ၄င်းတို့ရဲ့ သား၊ သမီးတွေကိုပါ စစ်မှုထမ်း ဆင့်ခေါ်ဖို့ အစီအစဉ် ရှိ၊ မရှိနဲ့ အချို့ စစ်မှုထမ်းပြီးတော့ နေအိမ်ပြန်တဲ့ စစ်မှုထမ်းလူငယ်လေးတွေက အပြန်စရိတ်တွေ၊ စားစရိတ်တွေ၊ နေရေးထိုင်ရေးနဲ့ လုံခြုံရေးကိစ္စတွေ အခက်အခဲဖြစ်နေကြောင်း မြို့နယ်အချို့မှ သိရှိရပါတယ်။ ထို့အတွက် အဲ့ကိစ္စကိုလည်း အဆင်ပြေအောင် မည်သို့ ဆောင်ရွက်သွားမယ်ဆိုတာလေးကို သိလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက် က လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

မိမိတို့အနေနှင့် တာဝန်ကျေပြွန်ပြီး မိဘရပ်ထံပြန်သည့် ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပြွန်ပြီးသူများအား သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီး အစိုးရများ၏ အစီအစဉ်နှင့် ထောက်ပံ့ပေးအပ်သလို တပ်မတော်အနေနှင့်လည်း တိုင်းစစ်ဌာနချုပ်အသီးသီးက ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် က ပြောကြားသည်။

“ ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနဲ့ပတ်သက်လို့တော့ နည်းဥပဒေ၊ ဥပဒေများ၊ သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ အမျိုးသားတိုင်းဟာ အလှည့်ကျတဲ့အချိန်ကျရင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ကင်းလွတ်ခွင့် ရရှိနိုင်တဲ့သူများမှလွဲပြီး ကျန်တဲ့သူများဟာ အလှည့်ကျ တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်” ၏ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် က ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ သတ်မှတ်ချက်များနှင့်အကျုံးဝင်သူ အမျိုးသားများကိုသာ ဆင့်ခေါ်လျက်ရှိကြောင်းနှင့် ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဆောင်ရန် အမျိုးသား ၆ဒသမ ၂ သန်း ဝန်းကျင်ရှိကြောင်း၊ ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်အကျုံးဝင်ကိုက်ညီသူအားလုံးကို တစ်ပြိုင်နက်တည်း ခေါ်ယူခြင်းမပြုခြင်း၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် အင်အားတစ်ပြေးညီသတ်မှတ်ခေါ်ယူခြင်းမပြုခြင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် အကျုံးဝင်လူဦးရေ၊ လူဦးရေအစိတ်အကျဲ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု၊ လမ်းပန်း ဆက်သွယ်ရေးအခြေအနေများအပေါ် အသေးစိတ် အခြေခံတွက်ချက်ပြီး အချိုးကျသတ်မှတ်ဆင့်ခေါ်လျက်ရှိခြင်း၊ တစ်နိုင်ငံလုံးမှာ ရပ်ကွက်/ကျေးရွာပေါင်း ၆၆၀၀၀ ကျော်ရှိသည့်အတွက် လက်ရှိ လစဉ်ဆင့်ခေါ်နေသည့် အင်အားအရ ရပ်ကွက်/ကျေးရွာတိုင်း လစဉ် ပြည်သူ့စစ်မှုထမ်းစုဆောင်းပေးရန်မလိုဘဲ အလှည့်ကျ သတ်မှတ်အရေအတွက်အနည်းငယ်ကိုသာ ဆင့်ခေါ်ပေး နေရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၏ တင်ပြမှုအရ သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် (က) သာသနာ့ဝန်ထမ်းများ၊ ( ခ ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ ( ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ (ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ( င ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ စသည့် ပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများသည် (က) လျှောက်ထားသူ၏မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါကလည်းကောင်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးနိုင်သည်၊ ( ခ) လျှောက်ထားသူ၏မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးနိုင်သည်၊ ( ဂ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလအား လျှော့ပေါ့ပေးနိုင်သည်ဟု ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅(က)တွင် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် (က) ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊ (ခ) နိုင်ငံ့ဝန်ထမ်းများ၊ ( ဂ) ပညာသင်ကြားနေသူများ၊ (ဃ) အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ ( င ) မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ (စ) ထောင်ဒဏ်ကျခံနေသူများ စသည်အချက်များနှင့် အကျုံးဝင်သောပုဂ္ဂိုလ်များအား ပြည်သူ့ စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မူရင်းသတင်း — Eleven Media Group