
မန္တလေးမြို့ မဟာအောင်မြေ အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်၏ Wheel Tax ကို ပွား၍ စက်သုံးဆီထုတ်ယူမှု စက်တင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း အဆိုပါမီးသတ်စခန်းမှ ထုတ်ပြန်ချက်အရ သိရှိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေမီးသတ်စခန်းမှ စက်သုံးဆီလုပ်ငန်းရှင်ဆီဆိုင်များသို့ အသိပေးအကြောင်းကြားချက်တစ်ခုကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့ပြီး ထုတ်ယူသုံးစွဲနေမှုအား သက်ဆိုင်ရာမှတဆင့် ဆက်သွယ်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည် ။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက် အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်သည် စက်တင်ဘာလ 23 ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ၇၈လမ်း ၄ဝလမ်းထောင့်ရှိ Regency(MEC) စက်သုံးဆီအရောင်းဆိုင်သို့ ဒီဇယ်ဆီသွားရောက် ဝယ်ယူရာ ယာဉ်သက်သေခံလက်မှတ်( Wheel Tax ) ဖြင့် scan ဖတ်ကြည့်ရာ လွန်ခဲ့သော မိနစ် ၃၀ ခန့်က ချမ်းမြသာစည်မြို့နယ် လိုတရ (၂) ဆီဆိုင်တွင် ယခု မီးသတ်ဌာနကယ်ဆယ်ရေးသုံးယာဉ် နံပတ် 7K-6714 ဖြင့် 196Liters ( ဂါလံ၅၀ ) ခန့် ထုတ်ယူပြီးဖြစ်၍ ဝယ်ယူခွင့်မရှိပါဟု ပြသနေကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည် ။
ထို့ကြောင့် ယခု နံပါတ် 7K-6714 မီးသတ်ကယ်ဆယ်ရေးယာဉ်၏ ယာဉ်သက်သေခံလက်မှတ် အပွါးသော်လည်းကောင်း / မိတ္ထူသော်လည်းကောင်း / အတုအပသော်လည်းကောင်း ထုတ်ယူသုံးစွဲနေမှုအား သက်ဆိုင်ရာမှ တစ်ဆင့် ဆက်သွယ်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ယခုနံပါတ် 7K-6714 အရပ်သုံးကားဖြင့်လာရောက်ဝယ်ယူပါက ရောင်းချခြင်းမပြုပဲ မဟာအောင်မြေမြို့နယ် အရန်မီးသတ်တပ်ရင်းရုံး 09422888191 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန်ဟု အဆိုပါ အရန်မီးသတ်တပ်ရင်းရုံးမှ စက်တင်ဘာ ၂၄ရက်နေ့ ညဦးပိုင်းတွင် ထုတ်ပြန်ထားသည် ။