
တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရှီသည် စက်တင်ဘာ ၂၃ ရက်ညနေပိုင်းက ၀ါရှင်တန်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၄င်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုဆိုခဲ့သည်။
ထို့နောက်ရှီက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက သတင်းဖော်ပြခဲ့သည်။
"ကျွန်တော်တို့ နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေ ဖြစ်သင့်ပါတယ်။ တရုတ်နဲ့ အမေရိကန် ပြည်သူတွေဟာ ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုတွေကို မွေ့လျော်ခဲ့ကြသလို ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေဟာလည်း နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေပါတယ်" ဟု ရှီက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြောကြားချက်များသည် ဝါရှင်တန်သို့ ရောက်ရှိလာပြီး ကော်ဇောနီပေါ်တွင် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည့် ထရန့်နှင့် ရှီတို့ကြား နိုင်ငံတကာက စိတ်၀င်တစားစောင့်ကြည့်ကြမည့် ဆွေးနွေးပွဲများ မပြုလုပ်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အငြင်းပွားဖွယ်ရာ အကဲဆတ်သော ဆွေးနွေးပွဲ ခေါင်းစဉ်များတွင် ကုန်သွယ်ရေး၊ နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုများ၊ အထူးသဖြင့် သုတေသနနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ AI နည်းပညာအပါအဝင် အီရန်အစိုးရ အပေါ် တရုတ်၏ သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပါဝင်မည်ဟု မျှော်လင့်ရသည်။
"နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ အဓိက ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သမ္မတ ထရန့်နဲ့ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားဖို့ မျှော်လင့်ပါတယ်" ဟု ရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ပင်မမဏ္ဍိုင်အဖြစ် ထားရှိခြင်း၊ စည်းကမ်းဘောင်အတွင်း ပြိုင်ဆိုင်ခြင်း၊ သဘောထားကွဲလွဲမှုများကို ထိန်းချုပ်နိုင်ခြင်းနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များ ထားရှိခြင်းအစရှိသည့် လက္ခဏာရပ်များနှင့် ပြည့်စုံသည့် တည်ငြိမ်သော ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာရေးအတွက် အပြန်အလှန်ပူးပေါင်းအားထုတ်သွားရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
ထို့ပြင် ထရန့်၏ ထင်ရှားသော နိုင်ငံရေး ဆောင်ပုဒ်ကို ရည်ညွှန်းပြီး တရုတ်နိုင်ငံ၏ ကြီးမြတ်သော သွေးသစ်လောင်းမှု (the great rejuvenation of the Chinese nation) နှင့် အမေရိကန်ကို နောက်တစ်ကြိမ် ပြန်လည် ကြီးကျယ်မြင့်မြတ်စေရေး (Make America Great Again) ရည်မှန်းချက်များသည် အတူတကွ ယှဥ်တွဲလျှောက်လှမ်းသွားနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
နှစ်နိုင်ငံစလုံးအနေဖြင့် စနစ်တကျ တူယှဥ်တွဲလျှောက်လှမ်းနိုင်ရေးအတွက် မှန်ကန်သည့် လမ်းကြောင်းကို ဖော်ဆောင်ရမည်ဟုလည်း ရှီက ပြောကြားခဲ့သည်။
"ဒါကို ကျနော်တို့ အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ နှစ်ဖက်စလုံးရဲ့ ပူးပေါင်း အားထုတ်မှုတွေနဲ့အတူ ဒီခရီးစဉ်ဟာ အသီးအပွင့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာစေမယ်၊ နှစ်နိုင်ငံ ပြည်သူတွေရဲ့ သာယာဝပြောရေးကို မြှင့်တင်ပေးနိုင်မယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း မျှော်လင့်ချက်အသစ်တွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်"" ဟု ရှီက ပြောကြားခဲ့သည်။