
ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။
သံတမန်ရေးရာ ဆက်ဆံရေးများ ပြန်လည် ထူထောင်ပေးခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ကျေးဇူးတင်ရှိကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။
ဇန်နဝါရီလက အမေရိကန် တပ်ဖွဲ့များ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရို၏ နေရာတွင် ရိုဒရီဂွက်ဇ်က အစားထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစပြီး အမေရိကန်အစိုးရ၏ လိုက်လျောညီထွေရှိသော မဟာမိတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
"ဒီအထွေထွေညီလာခံမှာ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်၊ ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲတွေ ရှိလာမှာပါ" ဟု ၄င်းက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။
ထို့ပြင် အမေရိကန်က မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားသည့် လုပ်ဆောင်ချက်ကိုလည်း ရိုဒရီဂွက်ဇ်က ရည်ညွှန်းပြောဆိုခဲ့ခြင်းမရှိဘဲ ဗင်နီဇွဲလားနိုင်ငံ၏ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကိစ္စကိုသာ အဓိကထား ပြောကြားခဲ့သည်။
Ref: AFP