
ရုရှားနိုင်ငံ၏ ပထမဆုံးစစ်ပွဲကာလ ပါလီမန်ရွေးကောက်ပွဲ ရလဒ်သည် အစိုးရမူဝါဒများအပေါ် ပြည်သူများ၏ထောက်ခံမှုကို ပြသနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
သုံးရက်ကြာ မဲပေးမှုများ စက်တင်ဘာ ၂၀ ရက်တွင် အဆုံးသတ်ခဲ့ပြီးနောက် မဲရလဒ် ၉၇ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန် ရုရှားအာဏာရပါတီ United Russia က အောက်လွှတ်တော် State Duma တွင် အမတ်နေရာ လေးပုံသုံးပုံကျော် ရရှိမည်ဟု ရွေးကောက်ပွဲအာဏာပိုင်များက ကြေညာထားသည်။
မဲပေးခွင့်ရှိသူ ၁၁၁ သန်းအနက် ၅၉ ရာခိုင်နှုန်းကျော် မဲပေးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပါလီမန်ရွေးကောက်ပွဲများအနက် မဲပေးသူအများဆုံးနှုန်း ဖြစ်လာခဲ့သည်။ ဒေသအချို့တွင် အွန်လိုင်းမဲပေးမှုများ ခွင့်ပြုခဲ့ပြီး ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေအချို့မှာပါ မဲပေးမှုများ ရှိခဲ့သည်။
အေပီနှင့်ရိုက်တာ သတင်းဖော်ပြချက်များအရ ရွေးကောက်ပွဲတွင် အတိုက်အခံအင်အားစုများ ပါဝင်နိုင်မှုက အကန့်အသတ်များရှိခဲ့ပြီး အတိုက်အခံဘက်ကလည်း မဲမသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသည်။
ရွေးကောက်ပွဲကျင်းပနေချိန် ယူကရိန်းဘက်မှ ဒရုန်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ၂၀ ရက်တစ်ညအတွင်း ဒရုန်း ၁,၁၁၀ စင်းကို ပစ်ချခဲ့ရသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Ref: AP