Eleven Media Group

■ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်ပြောကြား

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးကို ကူညီပေးရန်အတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

"ဒီနေ့အချိန်အထိ အမေရိကန်အစိုးရဟာ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ဖို့အတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၈၈၇ သန်း ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အမေရိကန်သည် ယခုနောက်ဆုံး ကပ်ရောဂါကူးစက်မှုအတွက် အကူအညီ အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပအစည်းအဝေးများအတွင်း ပြုလုပ်ခဲ့သည့် အဆိုပါ အကူအညီပေးရေး ကြေညာချက်တွင် လက်ရှိ အရေးပေါ်အခြေအနေကို ရင်ဆိုင်နိုင်ရန်အတွက် လုပ်နိုင်စွမ်းရှိသည့် နိုင်ငံများအနေဖြင့် ဝန်ထုပ်ဝန်ပိုးကို ပိုမိုမျှဝေ ထမ်းဆောင်ကြရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒီအာကွန်ဂို ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိများ၏ အဆိုအရ မေလလယ်ကတည်းက စတင်ခဲ့သည့် အဆိုပါ အီဘိုလာ ရောဂါကူးစက်မှုကြောင့် လူ ၃၆၀၀ ကျော် သေဆုံးခဲ့ပြီး ၇၅၀၀ နီးပါး ကူးစက်ခံခဲ့ရသဖြင့် ကွန်ဂိုနိုင်ငံ သမိုင်းတွင် စံချိန်တင် အဆိုးရွားဆုံး ရောဂါကူးစက်မှု ဖြစ်လာခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group