
■ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု လောင်းကစားလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ထိန်းချုပ်ခြင်းများ အရေးယူဆောင်ရွက်နေ
မန္တလေးတိုင်းဒေသကြီးတွင် ကျားဖြန့်နှင့်အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် မိုဘိုင်းဖုန်းဆင်းကတ် ၄သိန်းရသောင်းကျော်အား အပြီးတိုင်ပိတ်သိမ်းခြင်း၊အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု လောင်းကစား လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ထိန်းချုပ်ခြင်းများ အရေးယူဆောင်ရွက်နေကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး၏ လွှတ်တော်တွင် ဖြေကြားချက်အရ သိရသည်။
စက်တင်ဘာလ၂၄ရက်က ကျင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မဟာအောင်မြေမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ဖြိုးသန္တာက " မန္တလေးတိုင်းဒေသကြီးအတွင်း၌ နည်းပညာကိုအသုံးချပြီး အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်နေသည့် ကျားဖြန့်လုပ်ငန်းတွေနဲ့ တရားမဝင် စလော့ဂိမ်းလောင်းကစားလုပ်ငန်းတွေဟာ လူငယ်တွေအပါအဝင် မိဘပြည်သူတွေရဲ့ ဘဝတွေကို ခြိမ်းခြောက်လာတာကို တွေ့ရပါတယ်၊ အထူးသဖြင့် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် ပြည်သူလူထုအသုံးပြုနေကြတဲ့ Viber ၊ SMS ၊ နဲ့ Telegram စတဲ့ ပလက်ဖောင်းတွေကတဆင့် အမည်မသိ ဖုန်းနံပါတ်မျိုးစုံကို အသုံးပြုပြီး စလော့ဂိန်းတွေဆောါဖို့ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်ရရှိရန်နဲ့ အမြတ်အစွန်းတွေခံစားခွင့်ရရှိမယ်ဆိုကာ စာတိုတွေပေးပို့ခြင်း လှည့်စားဆက်သွယ်ခြင်း နေ့စဉ်နဲ့အမျှ ကျူးလွန်ခံကြရနေသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရကြောင်း၊ အဲ့ဒီတရား မဝင်လုပ်ငန်းတွေက နယ်စပ်ဒေသတွေတင်မက မြို့ပြကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက် ဝင်ရောက်လာပြီး ငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုများ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်နေကြတာကြောင့် တိုင်းဒေသကြီး အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် အထူးအရေးကြီး ပြီး ပြည်သူတွေ ထိခိုက်နစ်နာမှုတွေဖြစ်ပေါ် နေတာကို စိစစ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ထို့ကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်း အထူးစစ်ဆင်ရေးတွေ ဆောင် ရွက်ခြင်း၊ Mobile Banking Pay အမျိုးမျိုးနဲ့ ငွေပေးချေမှုနဲ့ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ထိန်းချုပ်ခြင်း၊ သက် ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးကွန်ယက်တွေကို ကိုင်တွယ်ခြင်းအပြင် ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် အသိပညာပေးခြင်း၊ လုံခြုံစွာသတင်းပေးတိုင်ကြားနိုင်တဲ့ စနစ်တွေကို ထိထိရောက်ရောက် ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်ထားတယ်ဆိုတာကို သိရှိလိုကြောင်း " မေးမြန်းခဲ့ခြင်းဖြစ်သည်။
မေးခွန်းနှင့်ပတ်သက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက" မန္တလေးတိုင်းဒေသကြီးအတွင်း နည်းပညာကိုအသုံးချ၍ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင် စလော့လောင်းကစားလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ
၂၀၂၄ခုနှစ်တွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ၃၃ဃ/၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်မှု ရမှု၊ တရားခံ ကျား၅၉ဦး၊ မ၄၆ဦး၊ တရုတ်နိုင်ငံသား ကျား ၁၁ဦး၊ စုစုပေါင်း တရားခံ ၁၁၆ဦးကိုလည်းကောင်း၊ ၂၀၂၅ခုနှစ်တွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ဃ/၃၈ဖြင့် အမှု ၂မှု တရားခံ ကျား၄ဦး၊ မ ၁ဦး စုစုပေါင်း ၅ဦးတို့ကိုလည်းကောင်း ၊ ၂၀၂၆ခုနှစ်တွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ၃၃ဃ/၃၈ဖြင့်အမှု၄မှု တရားခံကျား ၁၄ဦး၊ မ ၁၅ဦး၊ တရုတ်နိုင်ငံသား တရားခံကျား ၁၁ဦး၊ မ၁၂ဦး စုစုပေါင်း တရားခံ ၄၂ဦးကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ကျားဖြန့်နှင့်တရားမဝင်လောင်းကစားဂိမ်းများကို တားဆီးကာကွယ်ရေးအနေဖြင့် ဖေ့ဘုတ်စ်၊ တယ်လီဂရမ်၊ လူမှုကွန်ယက်အင်တာနက်စာများပျံ့နှံ့နေတဲ့ အွန်လိုင်းလောင်းကစားwebsiteနှင့် applicationများကို ရှာဖွေစိစစ်ကာ ၎င်းတို့၏ Server ၊ I P addressများကို ပိတ်ပင်တားဆီးခြင်း၊ အွန်လိုင်းလောင်းကစားမှု များပြုလုပ်ရန် ဖြန့်ဝေလာသည့် စာတိုSMSများပေးပို့နေတဲ့ ဖုန်းနံပတ်တစ်ခုတည်းမှ တူညီသောစာသားများကို အချိန်တစ်နာရီအတွင်းဖုန်းနံပတ်၆ဝသို့ ပေးပို့ခြင်း သို့မဟုတ် ၂၄နာရီအတွင်း ဖုန်းနံပတ် ၁၀၀၀ သို့ပေးပို့ခြင်းတို့ကို ပုံမှန်မဟုတ်သော ပေးပို့မှုများအဖြစ်သတ်မှတ်၍ ၎င်း ဖုန်းနံပတ်များအား သက်ဆိုင်ရာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ systemရှိ အလိုအလျောက်ပိတ်သိမ်းသောမူဝါဒ နည်းလမ်းဖြင့် တားဆီးဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် သြဂုတ်လမှ သံသယဖြစ်ဖွယ် ဆင်းကတ်အရေအတွက် ၄ရဝဝဝဝကျော်ကို အပြီးတိုင်ဖျက်သိမ်းဆောင်ရွက်ခဲ့ပါတယ်။ အွန်လိုင်းလိမ်လည်မှု ဥပဒေကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ အတည်ပြုပြဌာန်းပြီးဖြစ်တာကြောင့် အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး ဥပဒေပါအချက်အလက်တွေနဲ့အညီ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး အွန်လိုင်းကတဆင့် ငွေ ကြေး လိမ်လည်မှုတွေနဲ့ လောင်းကစားလုပ်ငန်းတွေဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ငွေကြေးစီးဆင်းမှုတွေကို ခြေရာခံဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စိစစ်ဖော်ထုတ် အရေးယူခြင်း၊ Mobile banking pay အမျိုးမျိုးနဲ့ ငွေကြေးစီးဆင်းတာတွေကို ဖြတ်တောက်ထိန်းချုပ်ခြင်း၊ ဥပဒေနဲ့အညီ ထိန်းချုပ်တားဆီးခြင်း၊ သတင်းရယူခြင်းနဲ့ ဖော်ထုတ်ဖမ်းဆီးတာတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။