Eleven Media Group

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန်းထားသည့် ဖိုင်ဘာကြိုးများ မရှိစေရန်(၅) နှစ်တာ လုပ်ငန်း စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များနှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန်းထားသည့် ဖိုင်ဘာကြိုးများ မရှိစေရန်(၅) နှစ်တာ လုပ်ငန်း စီမံချက်ရေးဆွဲ ဆောင်ရွက် လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မိုးသက်က စက်တင်ဘာလ၂၄ရက် လွှတ်တော်အစည်းဝေးတွင် ပြောကြားခဲ့သည်။

မလှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းလတ်မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမများပေါ်တွင် Wifi ကြိုးများနှင့် လျှပ်စစ် ကြိုးများ စနစ်တကျသွယ်တန်းမှုနှင့် အသုံးမပြုတော့တဲ့ Wifi ကြိုးများနှင့် လျှပ်စစ်ကြိုးများ ပြုပြင် ထိန်းသိမ်းရှင်းလင်းပေးနိုင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် အမြင်မတင့်တယ်၍ ရှုပ်ထွေးလျက်ရှိသည့် Fiber Cable များအား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သွယ်တန်းဆောင်ရွက်ထားခြင်း မရှိသည့် Fiber Cable များအား ရှင်းလင်းဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်မရှိဘဲသွယ်တန်းထားသည့် ဖိုင်ဘာကြိုးများ မရှိစေရန်တို့အတွက် စစ်ဆေးရေးဆောင်ရွက်သွားနိုင်ရေး (၅) နှစ်တာ လုပ်ငန်း စီမံချက်ရေးဆွဲပြီး ၂-၇-၂၀၂၆ ရက်နေ့မှစတင်၍ ချမ်းအေးသာစံမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ဖိုင်ဘာကွန်ရက်များဖြစ်ပေါ်စေရေးအတွက် ကောင်းကင် ဖိုင်ဘာကေဘယ်လ်များအား မြေအောက်ဖိုင်ဘာကွန်ရက်စနစ်မှတစ်ဆင့် ပြောင်းလဲနိုင်ရေးအတွက် အဓိကလမ်းမကြီး (၇) ခုဖြစ်သော ၇၈ လမ်း ( ၂၆ လမ်းမှ သိပ္ပံလမ်းထိ )၊ ၇၃လမ်း ( ၂၆ လမ်းမှ ၄၁ လမ်းထိ) ၊ ၆၆ လမ်း (၂၆ လမ်းမှ သိပ္ပံလမ်းထိ)၊ ၆၂ လမ်း (၂၆ လမ်းမှ သိပ္ပံလမ်းထိ)၊ ၂ရလမ်း (၆၂ လမ်းမှ ၇၈ လမ်းထိ)၊ လမ်း၃ဝ (၆၂ လမ်း မှ ၇၈ လမ်းထိ) (၇၉ လမ်းမှ ၈၄ လမ်းထိ)၊ ၃၅ လမ်း (၆၂ လမ်းမှ ၇၈ လမ်းထိ)၊ (လမ်း၈ဝ မှ ၈၄ လမ်းထိ) သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ၇၈ လမ်း (၂၆ လမ်းမှ သိပ္ပံလမ်းထိ) လမ်းဖြတ်ကြိုးများအား ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်လည်း ၇၃လမ်း (၂၆လမ်းမှ ၄၁လမ်းထိ) ကောင်းကင်ကေဘယ်ကြိုးများအား မြေအောက် ကွန်ရက်စနစ်သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group