Eleven Media Group

ဖူးခက်သူ နေနေရွိုင်ယယ် America’s Got Talent ပြိုင်ပွဲ၏ Winner ဆုနှင့် အမေရိကန်ဒေါ်လာတစ်သန်းကို ဆွတ်ခူး

ဖူးခက်မြို့မှ အသက် ၁၆ နှစ်အရွယ် ထိုင်းရော့ခ်ဂီတအဆိုတော် နေနေရွိုင်ယယ်သည် America’s Got Talent (AGT) 2026 ပြိုင်ပွဲ၏ Winner ဆုရှင်ဖြစ်လာခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သန်းကို ရရှိပိုင်ဆိုင်သွားသည်။

ပြိုင်ပွဲဖိုင်နယ်အဆင့်တွင် နေနေက Seven Nation Army သီချင်းဖြင့် အားကောင်းစွာ ဖျော်ဖြေယှဉ်ပြိုင်ခဲ့ပြီး တစ်ရက်အကြာတွင် ၎င်းက အခြားပြိုင်ပွဲဝင်ကိုးဦးကို အွန်လိုင်းပရိသတ်မဲပေးမှုဖြင့် ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ကြောင်း ကြေညာချက်ထွက်လာသည်။ ထိုဆုသည် နေနေအတွက် နိုင်ငံတကာဂီတလောကတွင် အသက်မွေးဝမ်းကျောင်းခွင့် ရရှိစေမည့် ခြေလှမ်းအစတစ်ခု ဖြစ်လာနိုင်သည်။ ရလဒ်ကို အမေရိကန်စံတော်ချိန် စက်တင်ဘာ ၂၃ ရက်ညတွင် တိုက်ရိုက်ထုတ်လွှင့် ကြေညာခဲ့သည်။

နေနေသည် အသက်ခုနစ်နှစ်အရွယ်ကတည်းက ဂစ်တာတီးခဲ့ပြီး အွန်လိုင်းဗီဒီယိုများကို ကြည့်ကာ သင်ယူခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာတွင် ကျော်ကြားမလာမီကတည်းက နေနေသည် ဖူးခက်ရှိ Naka Weekend Market ညဈေးတွင် ၎င်း၏ Ozone နှင့် Miniheart တီးဝိုင်းများနှင့်အတူ လမ်းဘေးဖျော်ဖြေသူအဖြစ် လူသိ ပြီးသားဖြစ်သည်။ များသောအားဖြင့် ရော့ခ်နှင့်မက်တယ် သီချင်းများကို ဖျော်ဖြေလေ့ရှိသည်။

ယခုတွင် နေနေ သည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် ပရိသတ်သုံးသန်းကျော် ရရှိထားပြီဖြစ်သည်။ ထို့ပြင် ထိုင်းအစိုးရကလည်း ၎င်းအားနိုင်ငံပုံရိပ် မြှင့်တင်ပေးရန် ခရီးသွားလုပ်ငန်းဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ထားကာ America’s Got Talent တွင် ယှဉ်ပြိုင်ရန်ကုန်ကျစရိတ်အားလုံးကို ထိုင်းအစိုးရက ကျခံပေးခဲ့သည်။

ပြိုင်ပွဲဖျော်ဖြေမှုအပြီးတွင် နေနေက ၎င်း၏အိပ်မက် အမှန်တကယ်ဖြစ်လာပြီဟု ပြောခဲ့သည်။ ငယ်စ ဉ်အခါကတည်းက ဂစ်တာတီးခတ်ခဲ့ပြီး ရော့ခ်စတားတစ်ဦး ဖြစ်လာရန် နေနေက ရည်မှန်းချက်ထားခဲ့သည်။

Ref: Bangkok Post

Photo: The Thaiger / Bangkok Post / Khaosod English

မူရင်းသတင်း — Eleven Media Group