Eleven Media Group

■ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်နေ

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ပြီး ပါတီညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။

အဆိုပါအထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၊ ဗဟိုကော်မတီဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို စတင်တည်ထောင်ခဲ့သည့် အချိန်မှ ယနေ့တိုင်ပါတီ၏ ရည်မှန်းချက်နှင့် မူဝါဒများအပေါ် ယုံကြည်စွာ ရပ် တည်၍ ပါတီတာဝန်များကို ထမ်းဆောင်ခဲ့ကြသူများ၏ ကြိုးပမ်းအားထုတ်မှု များကြောင့်သာ ပါတီ သည် ယနေ့အချိန်အထိ ဆက်လက်ရှင်သန်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပါတီတည်ထောင်ရာတွင် ပါဝင်ခဲ့ကြသူများ၊ ပါတီလုပ်ငန်း အဆင့်ဆင့်တွင် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသူများ၊ အခက်အခဲများကြားမှ ပါတီ အပေါ် သစ္စာရှိစွာရပ်တည်ခဲ့ကြသူများနှင့် ပါတီ၏ အကျိုးကို တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို ယနေ့အခါသမယတွင် အထူး လေးစားစွာ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

ထို့ပြင် ပါတီတာဝန်များကို ထမ်းဆောင်ရင်း ကွယ်လွန်သွားကြသော ပါတီဝင်များနှင့် ပါတီအတွက် စွမ်းဆောင်အားထုတ်ခဲ့ကြသူများ၏ ကျေးဇူးပြုမှုနှင့် အနစ်နာခံမှုကိုလည်း မမေ့မလျော့အစဉ်အမြဲ အမှတ်ရနေမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပါတီအမည်တွင်ပင် “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” ဟူသည့် နိုင်ငံရေး အနှစ်သာရနှင့် အဓိကတန်ဖိုးကို ဖော်ပြထားပါသည်။ စည်းလုံးညီညွတ်ရေးဆိုသည်မှာ မတူကွဲပြားမှုများကို ဖျောက်ဖျက်ခြင်း မဟုတ်ပါ။ မတူကွဲပြားသည့် လူမျိုး၊ အယူအဆ၊ အတွေ့အကြုံနှင့် အမြင်များကို အပြန်အလှန် လေးစားနားလည်ပြီး ဘုံအကျိုးစီးပွားအတွက် အတူတကွ စုစည်း ပူးပေါင်း ဆောင်ရွက် နိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများအကြား ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် အပြန်အလှန် နားလည်မှုများ တိုးတက်ခိုင်မာလာစေရေးသည် အစဉ်တစိုက် အလေးထား ဆောင်ရွက်ရမည့် ထာဝရကိစ္စတစ်ရပ်ဖြစ်ပါသည်"ဟု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက အခမ်းအနားတွင် ပါတီဝင်များထံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြားထားသည်။

ဆက်လက်ပြီး၎င်းက"တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ပါတီ၏ လမ်းညွှန်သဘော တရား၊ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ်များကိုလည်း စနစ်တကျ ချမှတ်ဖော်ဆောင်လျက်ရှိရာ ပါတီဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်းအရ ပါတီညီလာခံတစ်ရပ်ကို ၂ဝ၂၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပါတီ တစ်ရပ်အတွက် အမြင့်မားဆုံး နှင့် အဓိအကျဆုံးဖြစ်သည့် ပါတီညီလာခံကြီး အောင်မြင်စွာကျင်းပရေးကို ပါတီအဖွဲ့အစည်း အဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်လျက်ရှိကြသည့် ကော်မတီဝင်များအနေဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် တိုက်တွန်းအပ်ပါသည်"ဟု ပြောကြားထားသည်။

ထို့ပြင် ပါတီ၏ အနာဂတ်ကို တည်ဆောက်ရာတွင် ယနေ့မျိုးဆက်၏ တာဝန်သာမက မျိုးဆက်သစ်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ ဝါရင့် ပါတီဝင်များ၏ အတွေ့အကြုံနှင့် သမိုင်းမှတ်တမ်းများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရမည်ဖြစ်သကဲ့သို့ လူငယ်များ၏အတွေးအမြင်သစ်၊ ခေတ်မီ နည်းပညာဆိုင်ရာအသိ ပညာနှင့် စွမ်းရည်များကိုလည်း ပါတီဝါရင့်ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများနှင့် ပေါင်းစပ် အသုံးချနိုင်ရန် လိုအပ်ကြောင်းနှင့် လူငယ်များကို ပါတီ၏ အနာဂတ်အင်အားအဖြစ် အားပေး မြှင့် တင်၍ တာဝန်ယူမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးလာစေရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းအပ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားထားသည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၏ (၃၈)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား တွင် ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ၏ သဝဏ်လွှာကို ပါတီဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းက ဖတ်ကြားခဲ့ခြင်းဖြစ်ကာ အခမ်းအနားသို့ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများက တက်ရောက်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group