Eleven Media Group

■ SKD ကားအချို့ စက်ရုံထုတ်ဈေးနှင့် ပြင်ပပေါက်ဈေး ကျပ်သိန်း ၂၀၀၀ မှ ၃၀၀၀ ဝန်းကျင် ကွာဟနေပြီး စက်ရုံထုတ်ဈေးနှုန်းထက် ၂ ဆမှ ၃ ဆအထိ ဈေးတင်ရောင်းနေ

SKD ကားအချို့ စက်ရုံထုတ်ဈေးနှင့် ပြင်ပပေါက်ဈေး ကျပ်သိန်း ၂၀၀၀ မှ ၃၀၀၀ ဝန်းကျင်ကွာဟနေပြီး စက်ရုံထုတ်ဈေးနှုန်းထက် ၂ ဆမှ ၃ ဆအထိ ဈေးတင်ရောင်းနေကြောင်း ကားအရောင်းအဝယ်အသိုင်းအဝိုင်းဆီက စုံစမ်းသိရှိရသည်။

ပြည်တွင်းတွင် SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်သည့် ဂျပန်၊ကိုရီးယားနိုင်ငံထုတ် အမှတ်တံဆိပ်မော်တော်ယာဉ်များအနေဖြင့် စက်ရုံထုတ်ဈေးနှင့် ပြင်ပပေါက်ဈေး ကွာဟနေခြင်းဖြစ်သည့်အပြင် တရုတ်နိုင်ငံမှ ကုမ္ပဏီအမှတ်တံဆိပ်ပါ မော်တော်ယာဉ်များ၏ ပြင်ပပေါက်ဈေးမှာလည်း စက်ရုံထုတ်ဈေးနှုန်းထက် အနည်းဆုံး ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၁၅၀၀ ဝန်းကျင်အထိ ဈေးနှုန်းကွာဟနေကြောင်း ကားအရောင်းအဝယ်အသိုင်းအဝိုင်းမှ သိရသည်။

ထိုကဲ့သို့ SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်သည့်ကားများ စက်ရုံထုတ်ဈေးနှုန်းထက် ၂ ဆမှ ၃ ဆအထိ ဈေးနှုန်းမြင့်တက်နေသည့်အတွက် SKD စနစ်အပေါ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုများလည်း ရှိနေသည်။

"SKD စနစ်နဲ့ ကားတွေက သုံးစွဲသူတွေကို တကယ်အကျိုးမဖြစ်ဘဲ မည်သူတွေကိုပဲ အကျိုးဖြစ်ထွန်းနေလည်းဆိုတာ သက်ဆိုင်ရာလူကြီးများ အချိန်မီ ပြန်လည်သုံးသပ်စေချင်ပါတယ်" ဟု Kyaw Soe Moe အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားသည်။

ထို့ပြင် "SKD ဆိုတဲ့ရည်ရွယ်ချက်က ပြည်တွင်းကားထုတ်လုပ်မှု၊ စက်မှုလုပ်ငန်းတိုးတက်အောင်ရယ်၊ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတိုးတက်အောင်ရယ်၊ ပြည်သူတွေဈေးနှုန်းသက်သာစွာနဲ့ စီးနိုင်အောင်ဆိုပြီး လုပ်ပေးတာ။ SKD တွေအတွက် Supporting လုပ်ပေးတယ်။ အခွန်အခတွေ လျှော့ပေးတယ်။ သူတို့ကို ဒေါ်လာတွေလည်း သီးသန့်ရောင်းပေးတယ်။ ဒါပေမဲ့အဲဒီရဲ့အကျိုးခံစားခွင့်က ပြည်သူတွေက လုံး၀ မရတဲ့အပြင် ပိုဆိုးနေတယ်။ ဥပမာ ၁၁၅၀ နဲ့ ရောင်းတဲ့ Suzuki ကားကို အပြင်မှာ လက်ရှိ သိန်း ၃၀၀၀ လောက်ပေးစီးရတယ်။ နည်းနည်းပါးပါးမြင့်တာမဟုတ်ဘူး။ အခုသူတို့ ၁၁၅၀ ဆိုတာက ထိုင်းနိုင်ငံမှာဆိုရင် သိန်း ၁၀၀၀ မပြည့်ဘူး။ ဒါကို ၁၁၅၀ နဲ့ ရောင်းတယ်။ ၁၁၅၀ နဲ့ ရောင်းတာကို ပြည်သူက ၁၁၅၀ နဲ့ ဝယ်စီးခွင့်မရှိဘူး။ သိန်း ၃၀၀၀ လောက်နဲ့ ပေးစီးနေရတော့ တော်တော်ကို မတန်တဆပေါ့။ပြည်သူတွေက SKD ရဲ့အကျိုးကို ခံစားခွင့်မရဘဲ ပိုဆိုးသွားတယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ဆေးကြောင့် လေး ဆိုတော့ ပိုတောင်ဆိုးသေးတယ်။ SKD တွေ ဖွံ့ဖြိုးအောင် အစိုးရက မျိုးစုံထောက်ပံ့မှုပေးထားတယ်။ အခွန်အခတွေအပါအဝင်ပေါ့။ ဒါပေမဲ့ အဲဒါတွေကို ပြည်သူတွေက အကျိုးမခံစားရတဲ့အပြင် မိအေးက ၃ ခါလောက် နာနေတယ်။ " ဟု ကားအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြင်ပကားဈေးကွက်အတွင်း ကားစလစ်များကို ဝယ်ယူ၍ အမြတ်တင်ပြန်လည်ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။

"ကားစလစ်တန်ဖိုးက သိန်း ၆၀၀ လောက်ရှိရင် ကားစလစ်ကို သိန်း ၁၀၀၀ လောက်နဲ့ ပြန်ရောင်းနေကြတယ်။ ကားမရခင်ကာလမှာကိုပဲ အမြတ် သိန်း ၄၀၀ လောက် တင်ပြီး လွှဲပြောင်းရောင်းဝယ်နေတာတွေ ရှိတယ်" ဟု ဝါရင့်ကားအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် SKD စနစ်ဖြင့် ထုတ်လုပ်သည့် Toyota Travo ၏ စက်ရုံထုတ်ဈေးမှာ ကျပ်သိန်း ၂၈၀၀ ဝန်းကျင်ဖြစ်သော်လည်း ပြင်ပအရောင်းအဝယ်ဈေးကွက်တွင် ကျပ်သိန်း ၅၅၀၀ ဝန်းကျင်ရှိနေကြောင်း
ပြင်ပမော်တော်ယာဉ်အရောင်းအဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အလားတူ Suzuki Ertiga ၏ စက်ရုံထုတ်ဈေးမှာ ကျပ်သိန်း ၁၀၀၀ ဝန်းကျင် ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ သိန်း ၃၀၀၀ ဝန်းကျင်၊ Ford Everest ၏ စက်ရုံထုတ်ဈေးမှာ ကျပ်သိန်း ၆၅၀၀ ဝန်းကျင်ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း ၈၅၀၀ ဝန်းကျင်ရှိနေကြောင်း၊ KIA Sportage 2026 X Line ၏ စက်ရုံထုတ်ဈေးမှာ ကျပ်သိန်း ၄၀၀၀ ဝန်းကျင်ဖြစ်သော်လည်း ပြင်ပတွင် ကျပ်သိန်း ၅၀၀၀ အထက်တွင် ရောင်းဝယ်နေကြသည်ဟု ကားအရောင်းအဝယ်အသိုင်းအဝိုင်းဆီက သိရသည်။

ထို့ပြင် SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်သည့် တရုတ်နိုင်ငံထုတ် Leapmotor B10 ၏ စက်ရုံထုတ်ဈေးမှာ ကျပ်သိန်း ၁၃၅၀ ဝန်းကျင်ဖြစ်သော်လည်း ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း ၂၂၅၀ ဝန်းကျင်နှင့် BYD Atto 3 ၏ စက်ရုံထုတ်ဈေးနှုန်းမှာ ၁၆၉၀ ဝန်းကျင်ဖြစ်သော်လည်း ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း ၂၅၅၀ ဝန်းကျင်ရှိနေကြောင်း မော်တော်ယာဉ်အရောင်းအဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ထိုသို့ SKD စနစ်ကားများ စက်ရုံထုတ်ဈေးထက် မြင့်မားနေခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အဆင်ပြေစေရန် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း Kyaw Gyi MDY က ပြောကြားသည်။

"အဓိကကတော့ ကားစက်ရုံတွေ၊ ကားထုတ်တယ်ဆိုတာက နိုင်ငံတော်အဆင့်ပဲလေ။ သူတို့က ဘယ်သူ့ကို တရားဝင်ရောင်းတယ်လို့မှ မရှိတာ။ လက်သိပ်ထိုးချပေးတာလေ။ သူ့ရဲ့ Dealer ဆိုပြီး ထည့်ပေးလိုက်တာ။ စားသုံးသူ လက်ထဲ တိုက်ရိုက်ရောင်းပေးတာမှ မဟုတ်တာ။ ဈေးကစားတဲ့သူတွေရဲ့လက်ထဲကို ထည့်ပေးတာလေ။ ဒါက ပွင့်လင်းမြင်သာမှုရှိမယ်။ဥပမာ ဒီလမှာ ကားအစီး ၅၀ ထုတ်လုပ်နိုင်တယ်ဆိုရင် ပြည်သူကို အစီး ၅၀ ရောင်းလိုက်ပါပြီဆိုတာ ဖြစ်ရမယ်လေ။ ပြည်သူကကျတော့ ဝယ်ချင်ရင် နောက်ထပ် ၃နှစ်လည်း မရဘူး။ ဒါပေမဲ့ မပေါက်တဲ့ဈေးကို
ပေးဝယ်ရင်တော့ ချက်ချင်းရတယ်။ ဒါကို စီး/ကူးဝန်ကြီးဌာနက ကိုင်တွယ်ရမှာလေ။ စက်ရုံကနေ ၁၁၀၀ နဲ့ ရောင်းတယ်ဆိုရင် ပြည်သူကို ဘယ်နှစီးတိုက်ရိုက်ရောင်းတယ်ဆိုတာ မရှိဘူး။လုပ်စားတဲ့လူလက်ထဲကို ထည့်ပေးလိုက်တယ်။ အစီး ၃၀ လောက်ထွက်ရင် အစီး ၃၀ လုံး ဝယ်ထိန်းထားလိုက်တယ်။ ပြီးတော့မှ ကားကို ဈေးလုပ်ရောင်းနေတာ။ မှောင်ခိုဈေးကွက်လုပ်နေတာပေါ့။ ပြည်သူကို တိုက်ရိုက်ရောင်းသင့်တာပေါ့။ အဲဒီတော့ ရွှေကို ဘယ်သူမှ မလှုပ်ရဲဘူး။ လုပ်စားနေတာ။ အခု Suzuki Ertiga တစ်စီးကို ၂၈၅၀ ၊ ၃၀၀၀ ရောင်းနေတော့ သာမန်ဝန်ထမ်းက ဘယ်လိုလုပ် စီးမှာလဲ။
SKD ဆိုတာ အစိုးရလက်အောက်က သူတို့ ထိန်းသိမ်းကွပ်ကဲရမှာပေါ့" ၎င်းက ပြောသည်။

ထို့ပြင် SKD စနစ်နှင့် ကားမူဝါဒများကို အမြန်ဆုံးပြင်ဆင်သင့်ပြီး လက်တစ်ဆုပ်စာ လူနည်းစု အကျိုးဖြစ်ထွန်းရေးမဖြစ်သင့်ကြောင်းလည်း Kyaw Gyi MDY က ပြောကြားသည်။

"ဒီကားမူဝါဒတွေကို သေချာကို ပြန်သုံးသပ်ရမယ်။ ကျွန်တော်တို့က Suzuki Ertiga တစ်စီးကို ထိုင်းနိုင်ငံမှာ Brand New ၊ လိုင်စင် ပါပြီးသားဝယ်မယ်ဆိုရင် သိန်း ၁၀၀၀ မပေးရဘူး။ ကျွန်တော်တို့နိုင်ငံမှာ အခုသိန်း ၃၀၀၀ ပေးစီးနေရတာ မဖြစ်သင့်ဘူးလေ။ ဒါတွေက SKD မူဝါဒတွေရော၊ လက်ရှိ ကားတင်သွင်းခွင့် မူဝါဒတွေကို စီး/ကူးက သေချာပြန်သုံးသပ်သင့်တယ်။ SKD ဆိုပြီး လုပ်ထားတာကြာပြီ။ ဒါအကျိုးဖြစ်ထွန်းလား။ ဒီမူဝါဒတစ်ခုက တိုင်းပြည်ရော ပြည်သူရော ရလဒ်ဖြစ်ထွန်းလားဆိုတာ ကြည့်ရမယ်။ လူနည်းစုတစ်စုအတွက် အကျိုးဖြစ်ထွန်းနေတယ်။ လက်တစ်ဆုပ်စာ
လူနည်းစု အကျိုးဖြစ်ထွန်းရေးမဖြစ်သင့်ဘူး။ နိုင်ငံတော်ရဲ့ မူဝါဒက တိုင်းပြည်နဲ့ ပြည်သူအကျိုးပဲ ဖြစ်ရမယ်" ဟု Kyaw Gyi MDY က ပြောကြားသည်။

မြန်မာနိုင်ငံတွင် SKD(Semi Knocked Down) စနစ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည့် မော်တော်ယာဉ်များမှာ ဂျပန်အမှတ်တံဆိပ်ဖြစ်သည့် Toyota၊ Suzuki၊ Nissan၊ကိုရီးယားအမှတ်တံဆိပ်များဖြစ်သည့် KIA၊ Hyundai၊ အမေရိကန်ထုတ် မော်တော်ယာဉ်ဖြစ်သည့် Ford၊ တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်များဖြစ်သည့် Soueast၊ Changan၊ GAC၊ Geely အစရှိသည့် တံဆိပ်များဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group