
မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် အားထုတ်နေမှုများရှိနေသည်ဟုသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Facebook နှင့် Tiktok Account အချို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးပုံများ၊ ဦးစီးဌာန Logo များ၊ ဦးစီးဌာနဝန်ထမ်းများမှ ကျေးရွာများတွင် စီမံကိန်း ရန်ပုံငွေထုတ်ချေးနေသည့် မှတ်တမ်း ဓာတ်ပုံများနှင့် သင်တန်းပို့ချနေသည့် မှတ်တမ်းဓာတ်ပုံများကို Photoshop ဖြင့် ပြုပြင်၍ ငွေကြေး လိမ်လည်ရန် အားထုတ်ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်းမှာ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား လာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် လွှတ်တော်အသီးသီးသီးမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်စီမံကိန်းရေး ဆွဲရေးနှင့် အကောင်အထည် ဖော်ရေးကော်မတီ(TPIC)အဖွဲ့တို့မှ ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများသို့ ကွင်းဆင်း၍ စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စီမံကိန်းရန်ပုံငွေအား ကျေးရွာသို့တိုက်ရိုက် မတည်ပေးခြင်းဖြစ်ပြီး ကျေးရွာလူထုကိုယ်တိုင် စီမံခန့်ခွဲလျက်ရှိသဖြင့် အသင်းသူ/အသင်းသားများမှ ငွေကြေးတစ်စုံတစ်ရာပေးရန်မလိုကြောင်း ထုတ်ပြန်ထားသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းအား Facebook နှင့် Tiktok ကဲ့သို့သော Social Media များမှတဆင့် ထုတ်ချေးမှု မရှိကြောင်း၊ ယင်းကြောင့် ငွေကြေးလိမ်လည်ခံရမှုမရှိစေရေး အထူးဂရုပြုရန်နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ နှစ်စဉ် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်လိုသည့် ကျေးရွာများရှိပါက သက်ဆိုင်ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။