Myanmar National Post

တာချီလိတ်မြို့၌ (စတုတ္ထ)အကြိမ် ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ




တာချီလိတ်၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရဟန်းသံဃာ‌တော်များအား(စတုတ္ထ)အကြိမ် ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဆွမ်းဆန်စိမ်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်‌တော်ပေါ်တွင် ကျင်းပသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များကြွရောက်တော်မူကြပြီး နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း ဦးဆောင်သော တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်များက ဆွမ်းဆန်၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ကြည်ညိုသဒ္ဓါပွားများစွာဖြင့် ဆက်ကပ်လောင်းလှူခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများသည် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဣန္ဒဓမ္မ (သာသနဓဇ ဓမ္မာစရိယ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်သော အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်း၍ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုဓမ္မ (သာသနာ့တက္ကသီလ ဓမ္မာစရိယ BA Buddhism, M.A သီရိလင်္ကာ)ထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ တာချီလိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၄၈ ကျောင်းရှိ ရဟန်း ၈၈၅ ပါး၊ သာမဏေ ၁,၉၉၃ ပါး၊ သီလရှင် ၁၅၇ ပါး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁,၂၂၃ ဦး၊ စုစုပေါင်း ၄,၂၅၈ ဦးတို့အား ဝါတွင်းသုံးလတာကာလအတွင်း ရဟန်းသံဃာတော်များ အဆင်ပြေစွာ သီတင်းသုံးနိုင်စေရေးအတွက် လှူဒါန်းမှုများကို (၄)ကြိမ်ခွဲ၍ ကျင်းပခဲ့ခြင်းဖြစ်ရာ ယနေ့တွင် ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်းအတွက် စတုတ္ထအကြိမ်အဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post