Eleven Media Group

အမျိုးသမီးနှစ်ဦးကို တရုတ်မယားအဖြစ် လုပ်ကိုင်ပါက ကျပ်သိန်း ၉၀/၁၀၀ ရရှိပြီး IPhone ကိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်

အမျိုးသမီးနှစ်ဦးကို တရုတ်မယားအဖြစ် လုပ်ကိုင်ပါက ကျပ်သိန်း ၉၀/၁၀၀ ရရှိပြီး IPhone ကိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ (၂၄)ရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို တစ်ရွာတည်းနေ မိုးမိုးအောင်(ခ)မမိုး၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သုခ(၂)ရပ်ကွက်နေ ခက်ခက်(ခ)နီနီဝင်း(ခ)မနီနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အမှတ်(၁) ရပ်ကွက်နေ မဖြူ(ခ)အဖြူတို့က တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ကျပ်သိန်း ၉၀/၁၀၀ ရရှိမည်၊ IPhone လည်းကိုင်ရမည်၊ အေးဆေးနေထိုင်ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ရွှေမန္တလာခရီးသည်တင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ခေါ်ဆောင်လာသည်ဟု ဖော်ထုတ်သိရှိရကြောင်း သိရသည်။

ယင်းနောက် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း(ပ)၄၆/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ခက်ခက်(ခ)နီနီဝင်း(ခ)မနီကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ(ခ)အဖြူတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group