
အီသီယိုးပီးယား၏ အာဖာဒေသကိုတီဂရေးသူပုန်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအား အီသီယိုးပီးယားအစိုးရတပ်ဖွဲ့များက ညအချိန်တွင် ခုခံတွန်းလှန်ခဲ့ရသည်ဟု လူသားချင်းစာနာမှုဆိုင်ရာသတင်းအရင်းအမြစ်က စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့ပြီး နိုင်ငံမြောက်ပိုင်းတွင်လည်း အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု သိရသည်။
မြောက်ပိုင်း တီဂရေးဒေသရှိ သူပုန်များ သည် ယခုသီတင်းပတ်ထဲတွင် ဒေသတွင်း လေဆိပ်များကို သိမ်းပိုက်ခဲ့ပြီး အိမ်နီးချင်း အာဖာနှင့် အမ်ဟာရာပြည်နယ်များသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ဖက်ဒရယ်အစိုးရနှင့် "အင်အားအပြည့်သုံးသောစစ်ပွဲ" ပြန်လည်ဖြစ်ပွားနေပြီဟု ပြောကြားသည်။
၂၀၂၀ မှ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်တွင် လူ ၆၀၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး တီဂရေးဒေသကိုဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ဖြတ်တောက်မှုတို့ ပြန်လည်ဖြစ်ပွားဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေသည်။
အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Netblocks က "တီဂရေးဒေသရှိ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု သတင်းများနှင့်အတူ အီသီယိုးပီးယားမြောက်ပိုင်းတွင် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်" ဟု ထုတ်ပြန်ထား
သည်။
စက်တင်ဘာ ၂၅ ရက်တွင် AFP သတင်းဌာနက အဆိုပါဒေသရှိ သတင်းအရင်းအမြစ်များထံ ဖုန်းဆက်၍ မရခဲ့ဟု ဆိုသည်။
အာဖာဒေသရှိ လူသားချင်းစာနာမှုဆိုင်ရာ သတင်းအရင်းအမြစ်၏အဆိုအရ တီဂရေးနယ်စပ် တောင်တန်းဒေသတွင်တည်ရှိသော အဘာလာမြို့အနီး၌ "ညအချိန်တွင် ပြင်းထန်သော တိုက်ပွဲများ" ဖြစ်ပွားခဲ့သည်ဟု သိရသည်။
"ဖက်ဒရယ်တပ်တွေဟာ သူပုန်တွေ မြို့ထဲမဝင်နိုင်အောင် ပြန်လည်တွန်းလှန်နိုင်ခဲ့တယ်" ဟု အဆိုပါ သတင်းအရင်းအမြစ်ကပြောကြားခဲ့ပြီး စစ်တပ်ကဒရုန်းများကိုလည်း အသုံးပြုခဲ့သည်ဟု ဖြည့်စွက်ပြောခဲ့သည်။
စက်တင်ဘာ ၂၄ ရက်တွင် အမ်ဟာရာဒေသရှိ မြောက်ဝိုလိုနယ်မြေတွင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အီသီယိုးပီးယား၏ကျောက်ဘုရားကျောင်းများရှိရာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာဖြစ်သောလာလီဘီလာမြို့၏အနီးတစ်၀ိုက်တွင်လည်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။