
မီးလောင်ပြီး ၁၂ နှစ်ကျော်ကြာအထိ ပြန်မဆောက်နိုင်သေးသော တောင်ငူမြို့မဈေးကြီးအား ဈေးသစ်ပြန်လည်တည်ဆောက်ပေးရန် လက်ရှိအချိန်တွင် တိကျသည့် အစီအစဉ် မရှိသေးဘဲ ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်ခန့်မှသာ ထည့်သွင်းဆောင်ရွက်နိုင်မည့် အခြေအနေရှိကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် တတိယပုံမှန်အစည်းအဝေး (စတုထ္တနေ့)တွင် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးနိုင်လင်းဆွေ (ခ) ဦးထွန်းထွန်းဦးမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မီးလောင်ပြီးနောက် ပြန်မဆောက်နိုင်သေးသည်မှာ ကြာမြင့်နေပြီဖြစ်သော တောင်ငူမြို့ မြို့မဈေးကြီးအား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်ကြောင်းကို တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တောင်ငူမြို့မဈေးကြီးသည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁,၂၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ပြီးနောက်ပိုင်း ဈေးဝင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများဖြင့် ကျန်ရှိနေခဲ့သဖြင့် လက်ရှိတွင် နိုင်ငံတော်သမ္မတကြီးမှ အထူးခရိုင်အဖြစ် လျာထားဆောင်ရွက်သည့် စီမံကိန်းတွင် အမြန်ဆုံး အကောင်အထည်ဖော်ပေးစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဦးသန်းစိုး၏ မေးခွန်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးနိုင်လင်းဆွေ (ခ) ဦးထွန်းထွန်းဦးက တောင်ငူမြို့မဈေးကြီး မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်း ၁,၂၃၀ ခန်း ပျက်စီးခဲ့သည့်အနက် B ရုံရှိ ဆိုင်ခန်း ၁၇ ခန်းကို ဆိုင်ပိုင်ရှင်များက ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ပြီးဖြစ်သဖြင့် ပြန်လည်ဆောက်လုပ်ရန် ၁,၂၁၃ ခန်း ကျန်ရှိနေသေးကြောင်း၊ ကျန်ရှိသည့် ဆိုင်ခန်း ၁,၂၁၃ ခန်းအား ပြန်လည်ဆောက်လုပ်ရန်မှာ လက်တလောတွင် အစီအစဉ် မရှိသေးကြောင်းနှင့် မြို့သစ်စီမံကိန်းအရ ရရှိလာမည့် မြေနေရာပေါ်တွင် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ကနဦး ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဖြေကြားချက်အပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြည်သူ့ဆန္ဒကို ဖော်ဆောင်သည့်အနေဖြင့် "သင့်တော်ရာ ဘဏ္ဍာရေးနှစ်" ဟု ဝေဝါးစွာ အသုံးပြုခြင်းထက် ပိုမိုတိကျသည့် ရာထားဘဏ္ဍာနှစ်ကို ဖြေကြားပေးပါက မဲဆန္ဒရှင် ပြည်သူများ စိတ်ကျေနပ်မှု ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် မည်သည့်နှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုကြောင်း ထပ်မံမေးမြန်း တောင်းဆိုခဲ့ကြောင်းသိရသည်။
ဦးသန်းစိုး၏ ထပ်မံမေးမြန်းမှုအပေါ် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးက "သင့်တော်ရာ ဘဏ္ဍာရေးနှစ်" ဟု သုံးစွဲရခြင်းမှာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေများ ရှိနေသဖြင့် ဘတ်ဂျက်မရှိပါကလည်း အစိုးရအဖွဲ့ အကြီးအကဲထံ တင်ပြကာ ရန်ပုံငွေ ရရှိပါက အသုံးပြုနိုင်ရန်ဖြစ်ကြောင်း၊ ထို့အပြင် စီမံဘတ်ဂျက်အရ လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အထိ ရာထားပြီးဖြစ်၍ အစောဆုံး စီမံရာထားနိုင်မည့် အခြေအနေသည် ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်ခန့်မှသာ ဖြစ်နိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် ဘဏ္ဍာငွေ ရရှိမှသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လွှတ်တော်တွင် တိတိကျကျ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့မဈေးကြီးသည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဈေးဆိုင်ရှင် ၈၁၇ ဦး ပိုင်ဆိုင်သည့် ဆိုင်ခန်းပေါင်း ၁,၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ ငွေကျပ်သိန်းပေါင်း ၆၄,၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ပြီးနောက် တစ်ပတ်ခန့်အကြာတွင် တောင်ငူမြို့မ (ယာယီ) ဈေးကို ဆိုင်ခန်းပေါင်း ၆၆၀ ကျော်ဖြင့် တောင်ငူမိုင်ဒါအားကစားကွင်းအတွင်း ရွှေ့ပြောင်းတည်ဆောက်ပေးခဲ့သော်လည်း အရောင်းအဝယ်မဖြစ်ခြင်းကြောင့် ယင်းနေရာတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချသူ မရှိသလောက်ဖြစ်ခဲ့ပြီး ယခုအခါ အဆိုပါယာယီဈေးမှာလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကာ မြို့မယာယီဈေးလည်းမရှိတော့ကြောင်း သိရသည်။
■ ပုံစာ။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကမီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော တောင်ငူမြို့မ ဈေးကြီးအားတွေ့ရစဉ်။