
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ သက်တော် (၉၉) နှစ်၊ သိက္ခာဝါတော် (၇၉) ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာကို ယနေ့ (စက်တင်ဘာ ၂၅ ရက်) ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ဆင်ယင်ကျင်းပသည်။
အစီအစဉ် ပထမပိုင်းအနေဖြင့် ဒါန၊ သီလ၊ ဘာဝနာပူဇာနှင့် ပတ္တိဒါနကို ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်ဝင်းအတွင်း စက်တင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီခွဲတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၍ ဧည့်ပရိသတ်တို့အား နံနက်စာထမင်းနှင့် ဟင်းဘူးများ ဝေငှလှူဒါန်းခဲ့သည်။
ထို့နောက် မွန်းလွဲ၁၂ နာရီခွဲတွင် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအခမ်းအနား စတင်ကျင်းပရာ အခမ်းအနား၌ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “ကြိုးစားကြပါစို့” ဟူသော ချမ်းမြေ့အဓိဋ္ဌာန်နှင့် “သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ”ဟူသော ချမ်းမြေ့မေတ္တာပို့ဆုတောင်း စုပေါင်းရွတ်ဆိုပူဇော်ခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေဘိုဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ချမ်းမြေ့ဆရာတော်ကြီးရေးသားထားသော ဘုရား၊ တရား၊ သံဃာရှိခိုးခြင်းအကျဉ်းဖြင့် စုပေါင်းရှိခိုးခြင်း၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာ (၃) ဂါထာ ရွတ်ဆို၍ သံဝေဂဉာဏ်ပွားများခြင်း၊ နိုင်ငံခြားသားယောဂီများက အင်္ဂလိပ်ဘာသာဖြင့် စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှူးပြုသော အကြီးအကဲများက စိန်ကတ္တီပါလွှမ်းခြုံပူဇော်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူသည့် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခြင်း၊ ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ခြင်းနှင့် မဟာထေရဂုဏပူဇာ သံဝေဇနိယဂါထာတို့ကို ဖတ်ကြားပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပေးပို့သော သံဝေဂဉာဏ်ပွားကြောင်း သဝဏ်လွှာ၊ ရွှေကျင်နိကာယဗဟိုဌာန၏ သံဝေဂိယကထာ သဝဏ်လွှာ၊ သာသနာရေးဝန်ကြီးဌာနက ပေးပို့သော ဝမ်းနည်း ကြောင်း သဝဏ်လွှာတို့ကို ဖတ်ကြားပူဇော်ခြင်း၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ သောဠသမရွှေကျင်သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူဆရာတော်ဘုရားကြီးထံမှ သံဝေဂတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ အပြစ်ရှိက သည်းခံခွင့်လွှတ်ပါရန် ချမ်းမြေ့ဆရာတော်ဘုရားကြီးအား တောင်းပန်ကန်တော့ခြင်း၊ ချမ်းမြေ့ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ကရဝိက်ဖောင်တော်ပေါ်သို့ ကြွရောက်ပါရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး သီတဂူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿရ၊ ချမ်းမြေ့ဆရာတော်ကြီး၏ တပည့်သံဃာများနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှူးပြုသော တာဝန်ရှိသူများက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကရဝိက်ဖောင်တော်ပေါ်သို့ ပင့်ဆောင်ပေးခဲ့သည်။
ထို့နောက် ကရဝိက်ဖောင်တော်သည် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ကမ္ဘာအေးစေတီလမ်းမှ ပါရမီလမ်း၊ ပါရမီလမ်းမှ ဝေဇယန္တာလမ်း၊ ဝေဇယန္တာလမ်းမှ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT PARK သို့ ရောက်ရှိသည်။
အစီအစဉ်အရ သုဝဏ္ဏဘူမိ EVENT PARK သို့ ရောက်ရှိလာသည့် ဆရာတော်ကြီးအား တပည့် သံဃာတော်များ၊ ဒါယကာ ဒါယိကာမများက ခွင့်လွှတ်ပေးပါရန် နောက်ဆုံးတောင်းပန်ရှိခိုးခြင်း၊ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို တပည့်သံဃာတော်များနှင့် တာဝန်ရှိသူများက ကရဝိက်ဖောင်တော်ပေါ်မှ မီးသင်္ဂြိုဟ်ပူဇော်မည့် လောင်တိုက်တော်သို့ ပင့်ဆောင်ပူဇော်ခြင်း၊ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန မီးပူဇော်ခွင့်ပြုပါရန် တောင်းပန်လျှောက်ထားသော အဘိယာစန နိမန္တနဂါထာတော်ကို ဖတ်ကြားပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် အစီအစဉ်အရ တပည့်ကြီးသုံးပါးတို့က စက်ခလုတ်နှိပ်၍ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို တေဇောဓာတ်ပူဇော်ခဲ့သည်။ ထိုသို့ တေဇောဓာတ်ပူဇော်ချိန်တွင် တပည့်သံဃာ၊ ဒယကာ ဒယိကာမများက အနိစ္စာဝတ သင်္ခါရာ အစချီသော သုံးဂါထာကို ရွတ်ဆိုပူဇော်၍ သံဝေဂဉာဏ်ပွားများခြင်း၊ တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီး၏ သရီရဓာတ်ပြာများကို စောင့်ယူပင့်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆရာတော်ကြီး၏ သရီရဓာတ်ပြာများအား ရတနာရွှေအိုး၊ ငွေအိုးများအတွင်းသို့ ထည့်သွင်း၍ စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီမှ ၁၀ နာရီအချိန်အတွင်း ရေမျှောပူဇော်မည်ဖြစ်ကြောင်း သိရသည်။