Eleven Media Group

■ ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအခမ်းအနား ကျင်းပ

နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ သက်တော် (၉၉) နှစ်၊ သိက္ခာဝါတော် (၇၉) ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအခမ်းအနားကို မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တွင် ယနေ့ (စက်တင်ဘာ ၂၅ ရက်) နံနက်ပိုင်းမှ စတင်ကျင်းပသည်။

နံနက်ပိုင်းတွင် အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိတ်သတ်များအား ထမင်းဘူးနှင့် ဟင်းဘူးများ ဝေငှလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မွန်းလွဲ၁၂ နာရီခွဲတွင် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအခမ်းအနား စတင်ကျင်းပရာ အခမ်းအနား၌ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ “ကြိုးစားကြပါစို့” ဟူသော ချမ်းမြေ့အဓိဋ္ဌာန်နှင့် “သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ”ဟူသော ချမ်းမြေ့မေတ္တာပို့ဆုတောင်း စုပေါင်းရွတ်ဆိုပူဇော်ခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေဘိုဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ချမ်းမြေ့ဆရာတော်ကြီးရေးသားထားသော ဘုရား၊ တရား၊ သံဃာရှိခိုးခြင်းအကျဉ်းဖြင့် စုပေါင်းရှိခိုးခြင်း၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာ (၃) ဂါထာ ရွတ်ဆို၍ သံဝေဂဉာဏ်ပွားများခြင်း၊ နိုင်ငံခြားသားယောဂီများက အင်္ဂလိပ်ဘာသာဖြင့် စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှူးပြုသော အကြီးအကဲများက စိန်ကတ္တီပါလွှမ်းခြုံပူဇော်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူသည့် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခြင်း၊ ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ခြင်းနှင့် မဟာထေရဂုဏပူဇာ သံဝေဇနိယဂါထာတို့ကို ဖတ်ကြားပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကေ ပးပို့သော သံဝေဂဉာဏ်ပွားကြောင်း သဝဏ်လွှာ၊ ရွှေကျင်နိကာယဗဟိုဌာန၏ သံဝေဂိယကထာ သဝဏ်လွှာ၊ သာသနာရေးဝန်ကြီးဌာနက ပေးပို့သော ဝမ်းနည်း ကြောင်း သဝဏ်လွှာတို့ကို ဖတ်ကြားပူဇော်ခြင်း၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ သောဠသမရွှေကျင်သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူဆရာတော်ဘုရားကြီးထံမှ သံဝေဂတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ အပြစ်ရှိက သည်းခံခွင့်လွှတ်ပါရန် ချမ်းမြေ့ဆရာတော်ဘုရားကြီးအား တောင်းပန်ကန်တော့ခြင်း၊ ချမ်းမြေ့ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ကရဝိက်ဖောင်တော်ပေါ်သို့ ကြွရောက်ပါရန် အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပခဲ့သည်။

ထို့နောက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ကရဝိက်ဖောင်တော်ပေါ်သို့ ပင့်ဆောင်ရာ၌ တပည့်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာတော်ကြီး၏ ဆွေတော်မျိုးတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက အစီအစဉ်တကျ ထမ်းရွက်ပင့်ဆောင်ခဲ့ကြသည်။

အခမ်းအနားဒုတိယပိုင်းအဖြစ် အန္တိမအဂ္ဂိဈာပန မီးသင်္ဂြိုဟ်ပူဇော်ခြင်းအစီအစဉ်ကို ယနေ့ (စက်တင်ဘာ ၂၅ ရက်) ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း သုဝဏ္ဏဘူမိ EVENT PARK တွင် ကျင်းပသွားမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group