
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် ၂၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အပါအဝင် အဖွဲ့စည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်း အခမ်းအနားအား ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်၊ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
" ဒီနေ့ အခမ်းအနားဟာ နိုင်ငံတော်ရဲ့ အေးချမ်းသာယာရေးနဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်နေတဲ့ ခိုင်မာသော လျှောက်လှမ်းမှုတစ်ခု ဖြစ်ပါတယ်။ လမ်းလွဲကို ရောက်ရှိခဲ့ကြပေမယ့် အမှန်တရားကို သဘောပေါက်ပြီးတော့ ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ပြန်လည်ဝင်ရောက်လာကြတဲ့ လူငယ်တွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ပြောလိုပါတယ်" ဟု တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် က ပြောကြားသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌ ယနေ့အထိ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သည့် အကြိမ်ရေ (၇)ကြိမ်ရှိပြီး ဝင်ရောက်လာမှုအနေနှင့် အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း ၁၄၁ ဦး၊ လက်နက်မျိုးစုံ ၄၉ လက်၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၆၉ ခု၊ ခဲယမ်းမျိုးစုံ ၂၅၈၇ တောင့်ဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် က ပြောကြားသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် က " ဒီအခမ်းအနားမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့ လူငယ်တွေဟာ မိမိတို့ရဲ့ဘဝ၊ မိသားစုရဲ့ အနာဂတ်နဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်ရေးကို အမှန်တကယ် စေတနာထောက်ထားပြီး ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ကြတဲ့သူတွေပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
နိုင်ငံတော်အစိုးရ၏ ဖြေလျှော့ပေးမှု လုပ်ငန်းစဉ်များအပေါ် ပူးပေါင်းလာခဲ့ကြသည့် PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေနှင့် ကြိုဆိုဂုဏ်ပြုပြီးတော့ မိဘအုပ်ထိန်းသူများထံကို အခမ်းအနားဖြင့် စနစ်တကျ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ လွှဲပြောင်းပေးအပ်ခြင်းခံရသည့် လူငယ်များအနေနှင့် နောင်အနာဂတ်တွင် မိမိကိုယ်တိုင် အမှားထပ်မလုပ်မိစေရေးနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်း အသီးသီး၌ ထိန်းချုပ်ခံထားရဆဲ၊ လမ်းမှားကို ရောက်ရှိနေဆဲဖြစ်သည့် ကျန်ရှိနေသည့် လူငယ်များကိုလည်း ဥပဒေဘောင်အတွင်း အမြန်ဝင်ရောက်လာကြရန် တိုက်တွန်းလိုကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် က ပြောကြားသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၃ ဦးက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်ခဲယမ်းများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများထံ အပ်နှံခဲ့သည်။
ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၃ ဦး အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များသည် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၂၃ ဦးတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ လက်နက် (၆)လက်၊ လက်ပစ်ဗုံး (၅)လုံး၊ ကျည်အိမ် (၁၀)ခုနှင့် ကျည် (၂၃၄)တောင့် ပါရှိလာခဲ့ကြောင်း သိရသည်။