Myanmar National Post

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရန်ကုန် - ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေး ဂိတ်နှင့် ကိုးဆူစစ်ဆေးရေးဂိတ်အား စစ်ဆေး






ပုသိမ်၊ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ  ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်နှင့် ကိုးဆူစစ်ဆေးရေး ဂိတ်များအားစစ်ဆေးခဲ့ပြီး ပန်တိုင်စစ်ဆေးရေးဂိတ်အဆင့်မြှင့်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်တိုင်စစ်ဆေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး “ဧရာဝတီတိုင်းဒေသကြီးအတွင်း လုံခြုံရေးစစ်ဆေးရေးဂိတ် ၅ ခုရှိပါကြောင်း၊ လုံခြုံရေးစစ်ဆေးရေး ဂိတ်များသည် တိုင်းဒေသကြီး၏ အရေးပါသည့်ဂိတ်များဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ တရားမဝင်ကုန်စည် စီးဆင်းမှု တိုက်ဖျက်ရေးအရ သော်လည်းကောင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များဖြစ်ပါကြောင်း၊ အဆိုပါစစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေခြင်းများ မရှိစေရေး အလေးထားလိုက်နာရမည်ဖြစ်ပါ ကြောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုများမဖြစ်ပေါ်စေရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများမဖြစ်စေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရန်နှင့် တရားဥပဒေချိုးဖောက်မှု များကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့်လည်း ဂိတ်များကို အမြဲမပြတ်စစ်ဆေးကြပ်မတ်နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် လုံခြုံရေးအဖွဲ့များ ပါဝင်ပတ်သက်မှုမရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး တရားဝင်အထောက်အထားများဖြင့် ပို့ဆောင်သည့် ကုန်စည်များကိုလည်း ငွေ‌ကြေးများတောင်းခံခြင်းမပြုဘဲ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ပန်တိုင်စစ်ဆေးရေးဂိတ်ကိုလည်း ပြီးပြည့်စုံသည့် စစ်ဆေး ဂိတ်တစ်ခုဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” မှာကြားသည်။

ထို့နောက်  လုံခြုံရေးအဖွဲ့များက ပန်တိုင်စစ်ဆေးရေးဂိတ်၏ လက်ရှိလုံခြုံရေးအခြေ အနေ၊ တာဝန်ချထားမှုနှင့် ဝင်ထွက်သွားလာသည့် မော်တော်ယာဉ်များအား စနစ်တကျ စစ်ဆေး ဆောင်ရွက်နေမှု၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ထားမှု၊ ဂိတ်ပတ်ဝန်းကျင် လုံခြုံရေး စောင့်ကြည့်ဆောင်ရွက်နေမှုနှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုနှင့် လုံခြုံရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post