

မန္တလေး၊ စက်တင်ဘာ ၂၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)ကို စက်တင်ဘာ ၂၅ရက် နံနက် ၁၀နာရီက မန္တလေး အောင်မြေသာစံမြိုနယ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၆၉ဦး တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကိုးဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၁၂ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်သူက “ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ဆောင်ရွက်ပေးရေး”အဆိုကို လွှတ်တော်သို့တင်သွင်းခြင်းနှင့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းအဆိုကို ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ဆောင်ရွက်ရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကို ၁၁နာရီ ၅မိနစ်တွင် ရပ်နားခဲ့ပြီး အစည်းအဝေးစတုတ္ထနေ့ကို စက်တင်ဘာ ၂၈ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း
#News #Myanmar