
တောင်သူများအတွက် လယ်ယာလုပ်ငန်းသုံးစက်သုံးဆီများကို ဆီဆိုင်များမှ ဆီဝယ်စာအုပ်များဖြင့် ဝယ်ယူရောင်းချပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း ကို ပြည်သူ့လွှတ်တော်တွင် ဘိုကလေး မဲဆန္ဒနယ် မှ ဦးစန်းမောင် မေးမြန်းခဲ့သည်။
ဦးစန်းမောင် က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ ချီတက် နေသောနိုင်ငံလည်း ဖြစ်ပါကြောင်း၊ ယခု သမ္မတကြီးလက်ထက်မှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံ အဖြစ်မှ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်တဲ့နိုင်ငံအဖြစ်အထိ ချီတက်ရန် လမ်းညွှန်ထားတာသည် အင်မတန် အားရဖွယ်ဖြစ်ပါကြောင်း၊ သို့သော် ပြီးခဲ့သည့်မတ်လက နွေစပါးရိတ်သိမ်းရာသီချိန်တွင် တောင်သူများ စက်သုံးဆီ အခက်အခဲဖြစ်ခဲ့ပါကြောင်း၊ ဆီဆိုင်များကမော်တော်ယာဉ်များကိုသာ ရောင်းချခဲ့ပြီး တောင်သူလယ်သမားများကို လယ်ထွန်စက်များ ကိုယ်တိုင် ယူလာပြီး ဝယ်ယူပါဆိုတဲ့ မဆီလျော်သောကိစ္စမျိုးနှင့် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ သို့သော် နောက်ပိုင်းညှိနှိုင်းပေးမှုများအရ အထိုက်အလျောက်ရရှိခဲ့ပါကြောင်း၊ မိမိဆိုလိုချင်သည်မှာ တိုင်းပြည်၏ကုန်ထုတ်စွမ်းအားစု မောင်းနှင်အားဖြစ်သည့် စက်သုံးဆီသည် မှောင်ခိုဈေးကွက်တွင် ၎င်းအချိန်က တစ်ပီပါကို ၂၅ သိန်း နှင့် သိန်း ၃၀ အထိ ပေါက်ပါကြောင်း။
လယ်တစ်ဧကကိုရိတ်သိမ်းလိုက်လို့ ကုန်ကျသည့်ကုန်ကျစရိတ်နှင့်ဆိုပါက တချို့လယ်သမား များသည် မောင်ရင်တို့ဘာသာ မောင်ရင်တို့ရိတ်သွားတော့ဆိုပြီး ပေးရသည့်အပိုင်းများရှိပါကြောင်း၊ မိမိကိုယ်တိုင် လယ်ဧက ၃၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စာ ၃ ကြိမ်တင်ပြီး တောင်းသည်ကို ဂါလန် ၃၀ သာ ရပါကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာနိုင်ငံသို့ ပြောင်းမှာ ဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးတွင် ကျွဲ၊နွားများမရှိသလောက် ဖြစ်နေပါကြောင်း၊ ၎င်းလယ်ယာမြေများ ထွန်ယက်ရိတ်သိမ်းသည့်အချိန်တွင် လွယ်လွယ်ကူကူ ရောင်းချပေးမည် ဆိုပါက လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် တစ်တပ်တစ်အား တွန်းအားဖြစ်စေမှ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူများလိုအပ်သည့် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် ရာသီများတွင် တချို့ဒေသများတွင် တစ်ဧကကို ဒီဇယ် ၃ ဂါလန်ကုန်ပြီး မြေနည်းနည်းကြမ်းသည့်နေရာ၌ ၄ ဂါလန်အထိကုန်ပါကြောင်း၊ တာသည် မိမိ ကိုယ်တိုင်လယ်သမားဖြစ်လို့ သိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနမှ ကုန်ဝယ် စာအုပ်များဖြင့် အရင်က ကားများကိုရောင်းပေးသလို ရောင်းပေးနိုင်သည့်အစီအစဉ်များ အကောင် အထည်ဖော်ပေးနိုင်မှုရှိ /မရှိ ကိုသိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်နိုင်ဝင်း က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးရာသီ ထွန်ယက်ရိတ်သိမ်းမှု များအတွက် လိုအပ်သောစက်သုံးဆီများကို စက်သုံးဆီအရောင်းဆိုင်များမှ နေ့အလိုက် ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချသော စက်သုံးဆီများအားလည်းကောင်း၊ စက်သုံးဆီတင်သွင်းသူများမှ မိမိ အစီအစဉ်ဖြင့် တင်သွင်းလာသော အခြားကဏ္ဍသုံး စက်သုံးဆီများအား စက်သုံးဆီ အရောင်းဆိုင် များမှလည်းကောင်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ရေနံချက်စက်ရုံများမှ ထုတ်လုပ်သော စက်သုံးဆီများကိုလည်း ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်လည်း ထော်လာဂျီ၊ လယ်ယာ သုံးစက်ပစ္စည်းများနှင့် မြစ်တွင်းသွားစက်လှေတွေအတွက် တစ်ရက်လျှင် အများဆုံး ၁၅ လီတာကို နေ့အလိုက် ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူခွင့်ပြုရန်၊ ကျော်လွန်ပါက စက်သုံးဆီတင်သွင်းသူများမှ မိမိအစီအစဉ်ဖြင့် တင်သွင်းလာသော အခြားကဏ္ဍသုံးစက်သုံးဆီများမှ ဝယ်ယူခွင့်ကိုလည်း ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ လယ်ယာထွန်စက်များ စက်သုံးဆီအရောင်းဆိုင်များမှ လာရောက်ဆီဖြည့်တင်းဝယ်ယူပါက ဆီတိုင်ကီအတွင်းဝင်ဆံ့သည့်ပမာဏကို နေ့အလိုက် ရည်ညွှန်း ဈေးနှုန်းဖြင့် စာရင်းမှတ်ရောင်းချတဲ့စနစ်ကိုလည်း ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန တို့၏ စိစစ်တွက်ချက် ထောက်ခံချက်ဖြင့် လယ်ယာထွန်ယက်ခြင်း လုပ်ငန်းသုံးထွန်စက်များ အတွက် တစ်ဧကလျှင် စက်မောင်းဆီ ၂ ဂါလန်နှုန်း၊ ရိတ်သိမ်းခြွေလှေ့ချိန်တွင် ရိတ်သိမ်းစက်များ အတွက် တစ်ဧကလျှင် တစ်ဂါလန်နှုန်းနှင့် ခြွေလှေ့စက်များအတွက် တစ်ဧကလျှင် တစ်ဂါလန်နှုန်း တို့ဖြင့် ဒီဇယ်ဆီနှင့်ပရီမီယံဒီဇယ်ဆီများကို စက်သုံးဆီအရောင်းဆိုင်များတွင် အခြားကဏ္ဍ လုပ်ငန်းသုံး အသီးသီးအတွက် စက်သုံးဆီတင်သွင်းသူ Importer များက ၎င်းတို့အစီအစဉ်ဖြင့် တင်သွင်းလာသည့်ဆီများမှ ရောင်းချပေးလျက်ရှိပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး စိုက်ဧက ၅ သိန်းကျော်အတွက်လိုအပ်သော ထွန်ယက်ဆီအတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီ ဂါလန် ၆၀,၀၀၀ ကျော်ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်ညှိနှိုင်း၍ ဖြန့်ဖြူးထားရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ် ဓာတ်ဆီ RON-68 နှင့် RON-72 တို့ကိုလည်း ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြစ်တွင်းသွားစက်လှေများနှင့် လယ်ယာသုံးစက်ပစ္စည်းများတွင် သုံးစွဲနိုင်ရေး တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ ဓာတ်ဆီရောင်းချမှုမှာ RON-68 အနေဖြင့် ဂါလန် ၆ သိန်းကျော်နှင့် RON-72 ဂါလန် ၁ သန်းကျော် ကို အထူးသက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လိုအပ်ချက်အလိုက် ပြည်တွင်းထုတ် ဓာတ်ဆီနှင့် ဒီဇယ်ဆီများ ကိုလည်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအတွက် ဆက်လက်ရောင်းချပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ တောင်သူများ လယ်ယာသုံးလုပ်ငန်းလိုအပ်သော စက်သုံးဆီများ ဝယ်ယူရာတွင် ဆီဆိုင်များမှ နေ့အလိုက်ဖော်ပြပါဈေးနှုန်းဖြင့် ဝယ်ယူခွင့်ကို ဆီစာအုပ်များအသုံးပြု ဝယ်ယူရောင်းချမှု လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် လိုအပ်သည့် စက်သုံးဆီများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးနှင့် ပြည်တွင်းထုတ် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထူးသက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်ရေး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်အတူ အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့ ပါသည်။
(ဘိုကလေးမြို့နယ်အတွင်း ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှူးတချို့သည် တောင်သူများအတွက် ထုတ်ပေးသော စက်သုံးဆီများကို ထုတ်ယူပြီး တောင်သူများကို မပေးဘဲ ရောင်းစားလျက်ရှိသည်မှာလည်း ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။)
#News #Myanmar