Eleven Media Group

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကပြည်တွင်းဘဏ်များအရေအတွက်လျော့ချကာ ပိုမိုခိုင်မာအင်အားကြီးပြီး အရည်အသွေးမြင့်သောဘဏ်ကြီးများ ပေါ်ပေါက်လာရေး အစိုးရအား တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကပြည်တွင်းဘဏ်များအရေအတွက်လျော့ချကာ ပိုမိုခိုင်မာအင်အားကြီးပြီး အရည်အသွေးမြင့်သောဘဏ်ကြီးများ ပေါ်ပေါက်လာရေး အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့(စက်တင်ဘာ ၂၈ ရက်)တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက တင်သွင်းခဲ့သည်။

ယခုအဆိုတင်သွင်းချက်သည် အသေးစားဘဏ်များကိုပိတ်ခိုင်းခြင်းမဟုတ်ဘဲ ဘဏ်များကိုပေါင်းစည်းကာ ဘဏ်ကြီးများဖြစ်စေလိုခြင်းဖြစ်ကြောင်း၊ ဘဏ်သေးများ သတ်မှတ်ပေးသည့်အချိန်အတွင်း ပေါင်းစပ်ခြင်းမဖြစ်ပေါ်ပါက အစိုးရဦးဆောင်၍ ပေါင်းစပ်ပေးရန် အကြံပြုရခြင်းဖြစ်ကြောင်း၊ ယုံကြည်ရသည့်ဘဏ်များ၊ ခိုင်မာသည့်ဘဏ်များ၊ ဒေသတွင်းနှင့် အိမ်နီးနားချင်းနိုင်ငံများတွင် ယှဉ်ပြိုင်နိုင်သည့်ဘဏ်များ မြန်မာနိုင်ငံမှထွက်ပေါ်စေရန်ဖြစ်ကြောင်း၊ မြန်မာ့ဘဏ္ဍာရေးကဏ္ဍတွင် အင်အားကြီးဘဏ်များဖြင့် ထောက်တိုင်ပြုနိုင်ရန် စတင်ပြောင်းလဲသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းကပြောကြားသည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်ပေါင်း ၃၀ ခန့်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် အစိုးရ၏ပေါ်လစီကို အကောင်အထည်ဖော်ရာတွင် အစိုးရအနေဖြင့် ပုဂ္ဂလိကဘဏ် ၃၀ ကျော်၏အကူအညီကို များစွာလိုအပ်ကြောင်း၊ ထိုသို့ အစိုးရ၏ Monetray ပေါ်လစီနှင့် Economic ပေါ်လစီတို့ကို အကောင်အထည်လိုက်ပါဆောင်ရွက်ခိုင်းသည့်အခြေအနေတွင် ဘဏ်ကြီးငါးခု၊ ၁၀ ခုခန့်ရှိသည့် အခြေအနေနှင့် ဘဏ် ၃၀ ခန့်ရှိသည့်အခြေအနေတွင် မည်သည့်အခြေအနေက အစိုးရအတွက် ပိုမိုလွယ်ကူမည်ကို သိရှိပြီးဖြစ်ကြောင်း၊ ပြည်သူများ၏ ယုံကြည်မှုအနေဖြင့် ဥပမာအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ငွေသား ကျပ်သိန်း ၅ဝဝ ခန့်ရှိပါက မည်သည့်ဘဏ်များတွင်ထားမည်ကို မေးခွန်းထုတ်ပါက ကိုယ်စားလှယ်များအားလုံး သိပြီးဖြစ်ကာ ဘဏ်ကြီးများတွင်သာ ထားမည်ဖြစ်ကြောင်း၊ ဘဏ်ကြီးများတွင် ထားရခြင်းမှာ အဆိုပါဘဏ်များအပေါ် ပိုမိုယုံကြည်မှုရှိခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံတွင်လာရောက်သည့်အချိန်တိုင်း ဘဏ်အကောင့်ဖွင့်ရာတွင် မေးလေ့ရှိသည့်မေးခွန်းမှာ မည်သည့်ဘဏ်တွင်အကောင့်ဖွင့်သင့်သနည်းဆိုသည့် မေးခွန်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းကပြောကြားသည်။

"အကြီးဆုံးဘဏ်သုံးခုပဲပြော၊ အကြီးဆုံးဘဏ်ငါးခုပဲပြော (နိုင်ငံခြားသားများက)အဲဒီမှာပဲဖွင့်မယ်။ အဲဒီလိုဆိုတော့ မြန်မာပြည်ကဘဏ်တွေကကြီးမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း နိုင်ငံခြားသားတွေရဲ့ပိုက်ဆံတွေကိုလည်း မြန်မာပြည်ထဲဝင်လာအောင် ဆွဲဆောင်နိုင်မယ့်အခြေအနေကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းကပြောကြားသည်။

ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးကဏ္ဍတွင် ဥပမာအားဖြင့် ဖက်စပ်ဖြစ်စေ အစိုးရစီမံကိန်းဖြစ်စေ ဘတ်ဂျက်အလုံးအရင်းလိုအပ်မည်ဆိုပါက ဘဏ်ကြီးနှင့် ဘဏ်သေး မည်သူကထုတ်ပေးနိုင်မည်နည်းဆိုပါက စီမံကိန်းအကြီးစားများကို ဘဏ်ကြီးများကသာ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ ပုဂ္ဂလိကဘဏ် ၃၀ ကျော်တွင် ဘဏ်ကြီးငါးခုသာ ဒေါ်လာ ၁ ဘီလျံကျော်အပ်ငွေ(Deposit) ရှိပြီး ကျန်ဘဏ်များတွင်မရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းကပြောကြားသည်။

ထို့အတူ အခြေခံ Infrastructure ဖြစ်သည့် ATM မရှိသည့်ဘဏ်များရှိကြောင်း၊ ATM မရှိပါက ငွေထုတ်လိုလျှင် ဘဏ်ဖွင့်ချိန်မှသာ ငွေထုတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ Core Banking မရှိခြင်း၊ Corporate Governance သည်လည်း အခက်အခဲရှိခြင်း၊ Capital သည်လည်းထပ်ထည့်ရန်အားနည်းခြင်း၊ Banking ဥပဒေအရ နှစ်စဉ်ဘဏ်စာရင်းရှင်းတမ်းကို ပြည်သူအားချပြရမည်ဟု ဖော်ပြထားသော်လည်း မချပြနိုင်သည့်ဘဏ်များစွာရှိကြောင်း၊ ဘဏ်ကြီးများစွာယင်းကိစ္စရပ်များ မရှိကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းကပြောကြားသည်။

ယင်းအပြင် ငွေကြေးပြဿနာကဏ္ဍတွင် နိုင်ငံတကာဘဏ်များ၌ပင် နေ့စဉ်ဘဏ်များကိုလိမ်လည်ရန်ကြိုးစားနေမှုများရှိကြောင်း၊ ရုတ်တရက် ဘဏ်များသည် လိမ်လည်ခံရပြီး ဒေါ်လာတစ်သန်းခန့်ဆုံးရှုံးမည်ဆိုပါက ဗဟိုဘဏ်၏အကူအညီမယူဘဲ ဆုံးရှုံးမှုများကိုလွယ်လွယ်ကူကူကျော်ဖြတ်၍ ဆက်လက်ရပ်တည်နိုင်မည့်ဘဏ်များမှာ ဘဏ်ကြီးများသာဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာချိတ်ဆက်မှုအနေဖြင့် လက်ရှိပုဂ္ဂလိကဘဏ် ၃၀ ကျော်အနက် ဘဏ်ကြီးငါးခုတွင်သာရှိကြောင်း၊ ကျန်ဘဏ်များတွင်မရှိဘဲ နိုင်ငံတကာက အသိအမှတ်ပြုထားခြင်းမရှိကြောင်း၊ အဆင့်မြင့်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးအတွက် လိုအပ်သည့်အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များကို ငွေကြေးအများအပြားအသုံးပြု၍ ဘဏ်ကြီးများကသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းကပြောကြားသည်။

"ဒေသတွင်းနှိုင်းယှဉ်တာပါ။ ဥပမာ စင်ကာပူဆိုရင် GDP က ၆ဝဝ (အမေရိကန်ဒေါ်လာ/ဘီလျံ)ပတ်ဝန်းကျင်ပေါ့၊ ဘဏ်ငါးခုပဲရှိပါတယ်။ တကယ်အကြီးကသုံးခုပဲရှိပါတယ်။ ကျန်တဲ့နှစ်ခုကတော့ အဲဒီသုံးခုနဲ့ဆက်စပ်နေတဲ့ဘဏ်တွေပေါ့။ အဲဒီတော့ ဘဏ်တစ်ခုက နိုင်ငံတော်ရဲ့ GDP ဘယ်လောက်ကိုဝန်ဆောင်မှုပေးလည်းဆိုတာ တွေ့ရပါမယ်။ ဥပမာကျွန်တော်တို့နဲ့ အနီးစပ်ဆုံး ထိုင်းမှာဆိုရင်တော့ GDP က ၆ဝဝ (ဘီလျံ)နီးပါး ဘဏ်က ၁၄ ခုပဲရှိပါတယ်။ ဘဏ်တစ်ခုတစ်ခုက GDP ၄၁ ဒေါ်လာဘီလျံကို Service ပေးသလိုဖြစ်နေတာပေါ့။ မြန်မာပြည်မှာကြည့်လိုက်ရင် GDP က ၆၅၊ ၇၀ (ဒေါ်လာဘီလျံ)ပေါ့။ Service ပေးတဲ့ဘဏ်က ၃၀ ကျော်နေတော့ ဘဏ်တစ်ခုရဲ့ နိုင်ငံတော်ကိုပံ့ပိုးပေးနိုင်တာက နှစ်ဘီလျံရှိပါတယ်။ အထက်ပါဇယားကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ဘဏ်များ အရည်အသွေးမြင့်တင်ရန်အများကြီးလိုနေပြီဆိုတာကြည့်လိုရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုမိုခိုင်မာသော ဘဏ်ကြီးများကျွန်တော်တို့နိုင်ငံမှာရှိဖို့ပါပဲ။ ဘဏ်များရှိဖို့ထက်၊ အရည်အတွက်ထက် ခိုင်မာသောဘဏ်ကြီးတွေရှိဖို့လိုနေပါပြီ။ မြန်မာနိုင်ငံမှာ ဘဏ်သေးသေးမွှားမွှားတွေ အများကြီးမလိုအပ်တော့ပါ။ ယခုအချိန်အထိ မိမိတို့ရဲ့ဘဏ်အပ်ငွေများကို ထုတ်ချင်သလောက်နဲ့ ထုတ်ချင်တဲ့အချိန်မှာ ထုတ်၍မရသောဘဏ်များ ကျန်နေသည်ကိုလည်း ကိုယ်စားလှယ်ကြီးများသဘောတူပြီးဖြစ်ပါတယ်။ အဓိကအဆိုပြုလိုသည်မှာ ပြည်သူများ၏ယုံကြည်ချက်ကို မတည်ဆောက်နိုင်သေးသောဘဏ်များ ဆက်လက်ရပ်တည်ခွင့်ရှိသင့်သလားဆိုတဲ့ မေးခွန်းကိုစဉ်းစားရမည်ဖြစ်ပါသည်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက အဆိုတင်သွင်းစဉ်ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်း၏အဆိုကို ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုအားလက်ခံဆွေးနွေးရန် လွှတ်တော်၏သဘောထားရယူခဲ့ရာ လွှတ်တော်ကအဆိုတင်သွင်းမှုအပေါ် ကန့်ကွက်သူမရှိသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူခဲ့သည်။

မူရင်းသတင်း — Eleven Media Group