
လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သေချာချာ လေ့လာသိရှိထားဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားသည်။
ယနေ့(စက်တင်ဘာ ၂၉ ရက်)နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့၌ နှုတ်ခွန်းဆက်စကား ပြောကြာရားတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုရေး လုပ်ငန်းများကို ဆောင်ရွက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဟာ အလွန်အရေးကြီးမားပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ မိမိတို့ကိုယ်တိုင်က ဥပဒေပညာရှင်များ၊ ဥပဒေလုပ်ငန်းနဲ့
အသက်မွေးဝမ်းကျောင်းပြုသူများ မဟုတ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သေချာချာ လေ့လာသိရှိထားဖို့ လိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားသည်။
လက်ရှိကျင်းပသည့် တတိယပုံမှန်အစည်းအဝေးကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းလာမည့် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းဆိုင်ရာ ရသုံးမှန်းခြေများ၊ ဖြည့်စွက်ခွင့်ပြုမှန်းခြေများကို ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေး စိစစ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က “ ဒီလို ဆောင်ရွက်ပေးနိုင်ဖို့အတွက် တတိယပုံမှန်အစည်းအဝေးကာလမှာ ရသုံးငွေများ စိစစ်ရေး ပူးပေါင်းအဖွဲ့ ၁၈ ဖွဲ့ကိုလည်း စိစစ်ရမယ့် ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများအလိုက် ကြိုတင်ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါတယ်။
စိစစ်ရေး ပူးပေါင်းအဖွဲ့များအနေနဲ့လည်း ဘဏ္ဍာငွေ အရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်း သတ်မှတ်ရက်အတိုင်း အချိန်မီ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ်ကာလ၌ အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး အဆိုပါဒေသများသို့ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အလှူရှင်များ ပူးပေါင်းပါဝင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားသည်။
ပြည်သူအားလုံးကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ယခင်ပုံမှန်အစည်းအဝေးကာလများထက် ယခုမှန်အစည်းအဝေး၌ ပိုမိုများပြားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းတာဝန်များကို အချိန်မီ အောင်မြင်စွာ ပြီးမြောက်နိုင်ရန်ဆိုပါက မိမိတို့ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စိတ်ကောင်းစေတနာမှန်ဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ပြောကြားသည်။