

လွိုင်ကော်၊ စက်တင်ဘာ ၃၀
ကယား တိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို ယမန်နေ့က လွိုင်ကော်မြို့ ပြည်နယ်ခန်းမနှင့် ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပသည်။
အဆိုပါပွဲတော်သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
ပွဲတော်ကို ပြည်ထောင်စုဝန်ကြီးက မင်္ဂလာဖားစည်တီး၍ ဖွင့်လှစ်ပေးပြီး ဒီးကူပွဲတော်သည် စိုက်ပျိုးပြီးသည့် ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းစေခြင်း၊ စည်းလုံးခြင်းနှင့် ဝေးကွာနေသည့် မိသားစုများ ပြန်လည်ဆုံစည်းသည့် ပွဲတော်ဖြစ်သည်ဟု သိရှိရကြောင်း၊ ကယားပြည်နယ်သည် သဘာဝတရားနှင့် ပြည့်စုံနေပြီး တိုင်းရင်းသားပြည်သူများ၏ ရိုးသားကြိုးစားမှု၊ မိသားစု စိတ်ဓာတ်ရှိမှု၊ ရိုးရာဓလေ့များထိန်းသိမ်းမှု၊ တစ်ဦးကိုတစ်ဦး သည်းခံခွင့်လွှတ်တတ်မှု စိတ်ဓာတ် များကြောင့် နှစ်လိုဖွယ်ရာပြည်နယ်တစ်ခုအဖြစ် ယနေ့အထိ ရပ်တည်နိုင်ခဲ့ပါကြောင်း၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်အကျိုးရှိမှု၊ ညီညွတ်မှု၊ အချင်းချင်းအလေးထားမှု၊ ပေါင်းစည်းမှုတို့ ပေါင်းစုထားသည့် ကယားတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများ၊ ရိုးရာအမွေအနှစ်များကို မျိုးဆက်သစ်များ ဂုဏ်ယူစရာအဖြစ် မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပွဲတော်အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ အလားတူ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေများ ပေးအပ်သည်။
ဆက်လက်၍ ကန္ဒာဟေဝန် ကျောက်သားရင်ပြင်ရှိ ရိုးရာစုပေါင်းအဲဒိုပေါ်မီ (ခေါ်) ဒီးကူ ပွဲတော်မုခ်ဦးကို တက်ရောက်ဖွင့်လှစ်ပေးပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများမှ တိုင်းရင်းသားပြည်သူများနှင့်အတူ ကယားတိုင်းရင်းသားတို့၏ ဒီးကူကောက် ညှင်းထုပ်၊ ခေါင်ရည်၊ ကယား ဝက်အူချောင်း၊ ကယားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသော ပွဲတော်မိတ်ဆုံစားပွဲသို့ တက်ရောက်ကာ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများ ပေးအပ် သည်။
ယမန်နေ့ကကျင်းပသည့် ပွဲတော်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများမှ တိုင်းရင်းသားပြည်သူ တစ်ထောင်ကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
#News #Myanmar